ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် လူမျိုးစု အခြေခံသည့်စနစ်ထက် နယ်မြေဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရမည်ဟု နစက ဥက္ကဋ္ဌ ပြော

0
238

မြန်မာနိုင်ငံအနေဖြင့် လူမျိုးစုကို အခြေခံသည့် ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်းက နေပြည်တော် MICC-2 တွင် ကျင်းပသည့် NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ပြည်ထောင်စုကို တည်ဆောက်ရာမှာ မှန်ကန်တဲ့ နိုင်ငံနဲ့ ကိုက်ညီတဲ့ စနစ်ဖြစ်ဖို့လိုပါတယ်။ တိုင်းရင်းသား လူမျိုးစုများ များပြားလှတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဖက်ဒရယ်စနစ် ကျင့်သုံးရာတွင် လူမျိုးစု အခြေခံတဲ့ ဖက်ဒရယ်စနစ်ထက် နယ်မြေဒေသကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို အကောင်အထည်ဖော်ဖို့ လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

သို့မှသာ ကွဲပြားခြားနားမှုကို အားပေးသည့် ပြည်ထောင်စုပြိုကွဲနိုင်သည့် ကိစ္စများဆီ ဦးတည်သွားမည့် အခြေအနေကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

ထို့အပြင် လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှ အခွင့်အရေး ပေးထားပြီးဖြစ်သည့်အတွက် နိုင်ငံရေးအရ ၊ တိုင်းရင်းသားအရေးအရ ၊ ဘာသာရေးအရ သဘောထားကွဲလွဲစရာ အကြောင်းမရှိကြောင်းလည်း ၎င်းက ထပ်ဆင့်ပြောကြားခဲ့သည်။

ယနေ့ နံနက်ပိုင်း ကျင်းပသည့် NCA (၈) နှစ်ပြည့်အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ နစက ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နစက အဖွဲ့ဝင်များ ၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ၊ တပ်မတော် အရာရှိကြီးများနှင့် နိုင်ငံတကာ ဧည့်သည်တော်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

NCA (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ တရုတ်နိုင်ငံအစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန်ရှီကျွန်း ၊ အိန္ဒိယနိုင်ငံ မှ ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ယခင် MPC ဥက္ကဋ္ဌ ဟောင်း ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအောင်မင်းတို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပြီးခဲ့သည့် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် တာဝန်ကြီးပုဂ္ဂိုလ်များက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ပါ လက်မှတ်ရေးထိုးခဲ့သည့်အတွက် လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here