လုပ်ငန်းခွင်အတွင်း အလုပ်ရှင်-အလုပ်သမား ကနဦးဆွေးနွေး၍ ပြေလည်မှုရရှိခြင်းသည် အကောင်းဆုံးနည်းလမ်းဟု ပြည်ထောင်စုဝန်ကြီးပြော

0
283

လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာရန်အတွက် အလုပ်သမားရေးရာနှင့် ပတ်သက်ပြီး အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင် အတွင်း အလုပ်ရှင်- အလုပ်သမား ကနဦးဆွေးနွေး၍ ပြေလည်မှုရရှိခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နှီးနှောဖလှယ်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုဖြစ်ရခြင်းအများစုမှာ အလုပ်ရပ်နားခံရမှု၊ အုပ်ချုပ်သူနှင့် အလုပ်သမားအကြား လုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှု၊ လစဉ်ကြေး၊ရက်မှန်ကြေး တောင်းဆိုမှု၊ စက်ရုံပိတ်သိမ်းမှု ၊ အင်အားလျော့ချခံရမှု စသည်တို့ကြောင့် အငြင်းပွားမှုများအဖြစ်များခြင်းဖြစ်သည်။

“အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုမှာ တွေ့ကြုံနေရတဲ့ အခက်အခဲများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းများ၊ ရလဒ်ကောင်းများရရှိဖို့အတွက် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်၊ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေး ကောင်းမွန်ခြင်းက နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများရရှိနိုင်ပါတယ်၊  အကယ်၍ ပြေလည်မှုမရရှိပါက သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေမှာ တိုင်ကြားနိုင်ပါတယ်”ဟု၎င်းကဆိုသည်။

ထို့ပြင်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုရောက်ရှိလာခြင်းဖြင့် နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာနိုင်ပြီး အလုပ်လက်မဲ့ဦးရေကိုလျော့ချနိုင်မည်ဖြစ်ကြောင်း၊ အငြင်းပွားမှုများဖြစ်ပေါ်လာပါက ဥပဒေနဲ့အညီဖြေရှင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို ကုန်သည်စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခုံသမာဓိကောင်စီဝင်များ၊ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here