ကိုကိုးကျွန်းမှအပ ၄၄ မြို့နယ်တွင် ကိုးလအတွင်း အလုပ်ရှင်- အလုပ်သမားအငြင်းပွားမှုပေါင်း(၁၅၀)ကိုညှိနှိုင်းဖျန်ဖြေပေးခဲ့

0
401

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နှီးနှောဖလှယ်ပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေကြတဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့၊ ခုံသမာဓိကောင်စီအဖွဲ့တွေက ဖြေရှင်းခဲ့ကြတဲ့ အငြင်းပွားမှုတွေမှာ မိမိတို့ရဲ့အတွေ့အကြုံ၊ ဗဟုသုတတွေကို အပြန်အလှန်ပေါင်းစပ်ဖလှယ်ခြင်းအားဖြင့် နောင်ကြုံလာရမဲ့အငြင်းပွားမှုများဖြေရှင်းတဲ့အခါ အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းရှိ (ကိုကိုးကျွန်းမှအပ)မြို့နယ် ၄၄မြို့နယ်တွင် ၂၀၂၃ခုနှစ် ဇန်နဝါရီမှစက်တင်ဘာလအထိ အငြင်းပွားမှုပေါင်း(၁၅၀) ကို ညှိနှိုင်းဖျန်ဖြေပေးခဲ့ပြီးဖြစ်ကာ၊ ကျပ်သန်းပေါင်း ၁၄၈ ဒသမ ၃ သန်း ၊ အမေရိကန်ဒေါ်လာ (၄၈,၀၀၀) နှင့်အလုပ်သမားဦးရေ (၃၆၃)ဦးကို ခံစားခွင့်ရရှိစေခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စက်ရုံ၊အလုပ်ရုံ(၇,၂၆၈)ရုံ၊ အလုပ်သမားဦးရေ ၇ သိန်းနီးပါးရှိပြီးလုပ်ငန်းခွင်ဆက်ဆံရေးမပြေလည်မှု၊စက်ရုံပိတ်သိမ်းခြင်း၊ အလုပ်ထုတ်ပယ်ခြင်းတို့ကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ပြည့်စုံကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်စေဖို့ အလုပ်ရှင်- အလုပ်သမားအကြား မပြေလည်မှု၊ နစ်နာမှုများရှိပါက ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကြပါ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေကလည်း အလုပ်ရှင်- အလုပ်သမားများ အားထားရတဲ့ အဖွဲ့များဖြစ်အောင် ကြိုးစားပေးကြပါ၊ ဥပဒေနှင့်အညီဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းအောင် ဆောင်ရွက်ပေးကြပါ ” ဟုဆက်လက်ပြောကြားခဲ့သည်။

အငြင်းပွားမှုတွင် အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုနှင့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုဟူ၍ အမျိုးအစားနှစ်မျိုးရှိပြီး အခွင့်အရေးဆိုင်ရာအငြင်းပွားမှု ပေါ်ပေါက်လာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများက တည်ဆဲအလုပ်သမားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး အကျိုးစီးပွားအငြင်းပွားမှုကို  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖျန်ဖြေပေးမှာဖြစ်ပြီး ပြေလည်မှုမရှိသောကိစ္စရပ်များကို ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကိုခံယူကြရခြင်းဖြစ်သည်။

ခုံသမာဓိကောင်စီသည် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းခြင်းတွင် နောက်ဆုံးအဆင့်ဖြစ်ပြီးကျေနပ်မှုမရှိပါက နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် လျှောက်ထားခွင့်ရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here