ရေနစ်မြှုပ်ခဲ့သည့် ပဲခူးခရိုင်အတွင်းရှိ မိုးစပါးများအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေးဆောင်ရွက်ပေးမည်

0
178

ယနေ့ အောက်တိုဘာ (၁၆) ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရမည် ဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကကျသည့် သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးကိုလည်း အထူးအလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

ပဲခူးခရိုင်အတွင်း ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများအတွက်လည်း ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် ရိတ်သိမ်းနိုင်ရေး စက်မှု လယ်ယာဦးစီးဌာနမှ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာဒေသသို့ ချက်ခြင်းရောက်ရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း မှာကြားခဲ့သည်။

ထို့အပြင် နှစ်စဉ်ရေဝင်ရောက်သော မြေနိမ့်ပိုင်းရှိ လယ်မြေများတွင် ရေမြှုပ်ခံစပါးမျိုးများ စိုက်ပျိုးရန်လိုအပ်ပြီး မိုးရေချိန်နည်းပါးသည့် ဒေသများတွင် ရေအနည်းလိုစပါးမျိုးများ စိုက်ပျိုးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းနှင့် လာမည့်ဆောင်းရာသီ သီးနှံစိုက်ပျိုးမည့် ဒေသများအလိုက် မျိုးကောင်းမျိုးသန့်များ ကြိုတင်စုဆောင်းထားရန်လိုအပ်ပြီး သီးနှံအလိုက် စိုက် ပျိုးရေးအသိပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများပြုလုပ်နိုင်ရေး ပြင်ဆင်ထားရန်လိုအပ်ကြောင်းကိုလည်း ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုနောက် တက်ရောက်လာသည့် ခရိုင်(၆)ခုမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လာမည့်ဆောင်းသီးနှံနှင့် နွေစပါးစိုက်ရာသီများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးရေရရှိရေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်းသိရသည်။

တက်ရောက်လာသည့် တိုင်းဒေသကြီးစိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး အကြံပြုတင်ပြဆွေးနွေးခဲ့ရာ တင်ပြချက်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ဧက (၂၆) သိန်းကျော်အနက် အောက်တိုဘာလ (၁၅) ရက်နေ့အထိ မိုးစပါးဧက (၅) သိန်းကျော် ရိတ်သိမ်းပြီးစီးခဲ့ပြီး မိုးစပါးတစ်ဧကလျှင်(၉၁)တင်းကျော်ထွက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here