ငြိမ်းချမ်းရေးမရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေး လုပ်၍မရကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးပြော

0
260

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက အောက်တိုဘာ (၁၅) ရက် နံနက်ပိုင်း၊နေပြည်တော် MICC -2 တွင်ပြုလုပ်သည့် NCA (၈) နှစ်ပြည့် အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားစဉ် ၎င်းက ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။

” ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး မရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်လို့မရဘူး။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဟာ အရာအား လုံးအတွက် အခြေခံအကျဆုံးလို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရပြီးစ ကာလမှ စတင်ကာ ပြည်တွင်း ငြိမ်းချမ်းရေးဆုံးရှုံးကာ တိုင်းရင်းသား လူမျိုးစုများနှင့် ပြည်တွင်းစစ်များ ဆင်နွှဲလာခဲ့ကြသည်မှာ လက်ရှိကာလအထိ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယင်းကဲ့သို့ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည့်အတွက် တိုင်းရင်းသား ဒေသအများစုတွင် ဖွံ့ဖြိုးတိုးတက်ရေးများ နောက်ကျခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ် ပျက်စီးရဆုံးရှုံးများ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး လူမျိုးရေး အမုန်းတရားများ အမြစ်တွယ်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်။

ယင်းကဲ့သို့ နှစ်ပေါင်း ရှည်ကြာစွာ ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် တပ်မတော်အစိုးရ လက်ထက်မှစတင်ကာအစိုးရ အဆက်ဆက်၏ လက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြ သော်လည်း ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခြင်း မရှိဘဲ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ရကြောင်း ရှေးယခင်နှစ်များက သာဓကများအရ သိရှိရပြီးဖြစ်သည်။

သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးလွှတ်တော်မှ ရွေးချယ်တင်မြှောက်မှုဖြင့် ထွက်ပေါ်လာသည့် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ရည် ရွယ်ချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိ မ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) တို့အကြား အကြိမ်ပေါင်းများစွာ ‌တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြပြီး အကျိုးရလဒ်အ‌နေဖြင့် တိုင်းရင်းလက်နက်ကိုင်အဖွဲ့အချို့နှင့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅)ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့နှင့် NCA လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး NLD အစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၂) ဖွဲ့နှင့် ထပ်မံ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့နှင့် NCA လက်မှတ် ရေးထိုးနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးစဉ်က ပါဝင်ခဲ့ကြသည့် NCCT အဖွဲ့ဝင်များလည်းဖြစ် မြောက်ပိုင်း မဟာမိတ်များလည်း ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင့်တပ်တော် (AA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့မှာ NCA လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးဘဲ ၎င်းတို့၏ ထိန်းချုပ်ဧရိယာများတွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေဆဲ ဖြစ်သည်။

ယင်းကဲ့သို့ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် အဖွဲ့များ NCA လမ်းကြောင်းပေါ်သို့ ရောက်ရှိလာရန် NCA လက်မှတ်ရေးထိုးခြင်း၏ အကျိုးကျေးဇူးကို သိသာမြင်သာအောင် ပြသရန် လိုအပ်ကြောင်းလည်း ဦးကိုကိုကြီးက ပြောသည်။

” မထိုးရသေးတဲ့အဖွဲ့တွေအတွက် NCA ထိုးခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးရတယ်ဆိုတာကို သိသာမြင်သာအောင် ပြဖို့လိုတယ်။ ဒါကြောင့် NCA ထိုးပြီးသား ဒေသတွေမှာ သေချာပေါက် တိုးတက်မှု ဖွံ့ဖြိုးမှုတွေကို ပြသဖို့လိုပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA လမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန် လမ်းကြောင်းဖွင့်ထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ပြောဆိုလျက်ရှိသည့်အပြင် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု လုပ်ဆောင်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့်လည်း ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here