မင်္ဂလာဒုံတွင် ဘရိတ်ပေါက်သွားသည့်တွဲကားမှ ကား ၃ စီးကိုဝင်တိုက်မိပြီး လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲဝင်သွား

0
244

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းမကြီးပေါ်၌ အောက်တိုဘာ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက တွဲကားဘရိတ်ပေါက်ပြီး ကား ၃ စီးကိုဝင်တိုက်ကာ လမ်းဘေးရှိလျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲသို့ဝင်သွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းမကြီးအတိုင်း ဘိလပ်မြေအိတ်များတင်ဆောင်မောင်းနှင်လာသည့်တွဲကားသည် ရာသက်ပန်ကားမှတ်တိုင်အနီးအရောက် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လူမှုကူညီရေးအသင်းကားတစ်စီးနှင့်အိမ်စီးကား ၂ စီးတို့အားဝင်တိုက်မိပြီးနောက် လမ်းဘေးရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ထဲသို့ဝင်သွားခဲ့ကြောင်း သိရသည်။

“တွဲကားက ဘရိတ်ပေါက်ပြီး အရင်ဆုံးလူနာတင်ကားကိုဝင်တိုက်တယ် ပြီးတော့ အိမ်စီးကားနှစ်စီးကိုထပ်တိုက်ပြီး လျှပ်စစ်ပစ္စည်းဆိုင်ထဲကိုရောက်သွားတာ အိမ်စီးကားနှစ်စီးက တွဲကားနဲ့ချိတ်မိပြီး ဆိုင်ထဲအထိရောက်သွားတယ် တွဲကားကမီးခိုးတွေထွက်လာလို့ ပတ်ဝန်းကျင်ကလူတွေက မီးသတ်ဆေးဗူးတွေနဲ့ဝိုင်းငြိမ်းပေးခဲ့ကြပါတယ်”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်ကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ လူမှုကူညီရေးအသင်းကား၏ ကားခေါင်းပိုင်း၊အိမ်စီးကားနှစ်စီး၊တွဲကားခေါင်းပိုင်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တို့မှာ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here