ကိုးလအတွင်း YBS ယာဉ်လိုင်းများစည်းကမ်းဖောက်ဖျက်မှု အမှုပေါင်း ၁၇၀၀၀ ကျော်ရှိ

0
190

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်အထိ (၉)လအတွင်း YBS ယာဥ်လိုင်းများ၏ စည်းကမ်းဖောက်ဖျက်မှု အမှုပေါင်း ၁၇၅၄၅ မှုရှိကြောင်း YRTC မှ သိရသည်။

အဆိုပါ စည်းကမ်းဖောက်ဖျက်မှုများ အရေးယူမှုပြုလုပ်ရာတွင် မှတ်သားဖမ်းဆီးမှုဖြင့် အမှု ၁၂၁၇၈ မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

” မှတ်သားဖမ်းဆီးမှု ကတော့ များတယ် ။ ပြီးတော့ခရီးသည်တွေကို မချေမငံ ပြောဆိုလို့ တိုင်တာတွေလည်းရှိတယ်။ မီးနီဖြတ်မောင်းတာ၊ လမ်းပြောင်းပြန်မောင်းတာတွေလည်းပါတယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

အရေးယူ ဆောင်ရွက်ရာတွင် ပထမအကြိမ်၌ ဒဏ်ငွေဆောင်ရမည်ဖြစ်ပြီး သုံးကြိမ်မြောက်ကျူးလွန်ပါက ယာဥ်လိုင်းမှ ရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Control Centre မှ cctv ဖြင့် မှတ်သားဖမ်းဆီးမှု ၁၂၁၇၈ မှု၊ တိုင်ကြားမှု ၆၆၉ မှု၊ Facebook အမှု ၆ မှု၊ မီးနီဖြတ်မောင်းမှု ၁၉၃၂ မှု၊ သတ်မှတ်ကီလိုမီတာထက် ကျော်လွန်မောင်းနှင်မှု ၁၀၀၈ မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု ၈၉ မှု၊ မဆင်မခြင်မောင်းနှင်မှု ၁၆၆ မှု၊ အခြားအမှု ၇၇၅ မှု၊ ရပ်နားချိန်ကြာမြင့်မှု ၁၈၂ မှု၊ ယာဥ်တစ်စီးနှင့်တစ်စီး ယှဥ်ပြိုင်ကျော်တက်မောင်းနှင်မှု ၅၃၆ မှု၊ မချေမငံပြောဆိုမှု ၄ မှု၊ စုစုပေါင်း ၁၇၅၄၅ မှုဖြစ်ပြီး ယင်းအမှုများအနက် အမှု ၈၅၁၃ မှုကို မော်တော်ယာဥ်အန္တရာယ်ကင်းရှင်းရေး ဥပဒေပုဒ်မ ၉၆ ဖြင့် အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း၌ YBS ယာဥ်လိုင်း ၁၃၁ လိုင်း ယာဥ်စီးရေ ၃၄၉၄ ဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here