မြန်မာနိုင်ငံတွင် အယ်နီညို သက်ရောက်မှုနည်းမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးထွက်ကုန်များကို တိုးမြှင့်တင်ပို့နိုင်ရန် အခွင့်အရေးရှိ

0
353

မြန်မာနိုင်ငံတွင် အယ်လ်နီညို သက်ရောက်မှုနည်းမည် ဖြစ်သည့် အတွက် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း၊ ရာဘာအပါအဝင် ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး အခွင့်အရေးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။

ပို့ကုန်တိုးမြှင့်ရေးတွင် ဝန်ကြီးဌာန၊ ဆက်စပ်ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့်  နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး၊ ပထမ (၆)လတာ ကာလတွင် ပို့ကုန်တင်ပို့မှု ၄၆ ရာခိုင်နှုန်းသာ  တင်ပို့ထားနိုင်သည့်အတွက် နောက်ပိုင်းကာလများတွင် ယခုထက် ပိုမိုတင်ပို့သွားနိုင်ရန် နည်းလမ်းရှာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အလားအလာရှိတဲ့ ပို့ကုန်အမယ်သစ်တွေကို ရှာဖွေဖို့ အသင်းအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအကြား မျှတတဲ့ အကျိုးစီးပွားဖော်ဆောင်ရန် လိုအပ်ပါတယ်။ အသင်းချုပ်နဲ့ ညီနောင် အသင်းအဖွဲ့များ အနေနဲ့ ပို့ကုန်တိုးမြှင့်ရေး ဆောင်ရွက်ရာတွင် အမှန်တကယ် အလုပ်ဖြစ်နိုင်မည့် လက်တွေ့ကျတဲ့ ချဥ်းကပ်မှုများနဲ့ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ 

ထို့ပြင် တက်ရောက်လာသည့် ဆန်၊ ပဲမျိုးစုံ၊ လယ်ယာထွက်ကုန်၊ ဆီထွက်သီးနှံ၊ ပြောင်း၊ သစ်သီးဝလံ၊ CMP အထည်ချုပ်ကဏ္ဍ စသည်တို့မှ ပို့ကုန်လုပ်ငန်းရှင်များမှ ပို့ကုန်တင်ပို့ ဆောင်ရွက်မည့် အခြေအနေများ၊ ပို့ကုန်တင်ပို့မှုလျော့နည်းစေသည့် အချက်များဖြစ်သော နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ကုန်ဈေးနှုန်းကြီးမြှင့်ခြင်းများ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် အကြံပြုချက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်းလည်း သိရသည်။

ထို့ပြင် သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ပြီး သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လုပ်ငန်းများကိုလည်း ဦးစားပေးဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ စက်မှုကုန်ကြမ်း၊ ဓာတုပစ္စည်းများ၊ တိရစ္ဆာန်အစားအစာ၊ စက္ကူတင်သွင်းခြင်း၊ သံနှင့် သံမဏိ ၊ ဆေးဝါးနှင့် ဆေးပစ္စည်း စသည်တို့တွင် တင်သွင်းမှု အခြေအနေများ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် အကြံပြုချက်များကို စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here