ဟားမတ်စ်တို့၏ စစ်ရေးစွမ်းရည်ကို လုံး၀မဖျက်ဆီးရမချင်း အစ္စရေးက တိုက်ခိုက်မှု ရပ်တန့်မည်မဟုတ်ကြောင်း နေတန်ယာဟုက ပူတင်အား ပြောကြား

0
347

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းခေါ်ဆိုရာတွင် ဂါဇာကမ်းမြောင်ဒေသတွင် ဟားမတ်စ်တို့၏ စစ်ရေးစွမ်းရည်များကို လုံး၀မဖျက်ဆီးရမချင်း အစ္စရေးသည် တိုက်ခိုက်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုသည် တနင်္လာနေ့ညနေပိုင်းတွင် ပူတင်နှင့် စကားပြောရာတွင် “အစ္စရေးသည် ရက်စက်သော လူသ-တ်သမားများ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ရှင်းလင်းပြတ်သားစွာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီး၊ စစ်ပွဲတွင် ဟားမတ်စ်၏ စစ်ဘက်နှင့် အစိုးရစွမ်းရည်များကို ပျက်ပြားစေသည်အထိတိုက်ခိုက်ပြီးမှသာလျှင် အစ္စရေး၏ တိုက်ခိုက်မှု ရပ်တန့်လိမ့်မည်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပူတင်နှင့် နေတန်ယာဟုတို့သည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ တိုးမြင့်လာမှုနှင့်ပတ်သက်၍ တနင်္လာနေ့အစောပိုင်းတွင် ဖုန်းနှင့်ဆက်သွယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရုရှားသမ္မတသည် အသ-တ်ခံရသော အစ္စရေးတို့၏ ဆွေမျိုးသားချင်းများအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားများကို ဒုက္ခရောက်စေသည့် မည်သည့်လုပ်ရပ်အတွက်မဆို ၎င်းက ပြင်းပြင်းထန်ထန် သဘောမတူကြောင်းနှင့် ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု ကရင်မ်မလင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း အခြေအနေ ပုံမှန်ပြန်ဖြစ်စေရန်၊ အကြမ်းဖက်မှုများ ပပျောက်စေရန်နှင့် ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မော်စကို၏ လုပ်ဆောင်ချက်များအကြောင်း ရုရှားသမ္မတက အစ္စရေးဝန်ကြီးချုပ်ကို ပြောကြားခဲ့သည်။

သံတမန်နည်းလမ်းအရ ပဋိပက္ခဖြေရှင်းရေးတွင် ကူညီရန် အသင့်ရှိသည်ဟု ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ကြောင်း ကရင်မ်မလင်နန်းတော်ထုတ်ပြန်ချက်တွင် ဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here