သမ္မတဘိုင်ဒင် တက်ရောက်မည့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

0
349

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တက်ရောက်မည့် ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အာမန်ဆာဖာဒီက ပြောကြားခဲ့သည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တွင် အောက်တိုဘာ ၁၈ ၌ ကျင်းပရန် မူလက စီစဉ်ထားခြင်းဖြစ်သည်။

“အမ်မမ်မှာကျင်းပမယ့် ၄ နိုင်ငံ ထိပ်သီးအစည်းအဝေး မကျင်းပဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ဝန်ကြီးက Al Jazeera သတင်းဌာနသို့ မှတ်ချက်ပေး ပြောကြားခဲ့ပါသည်။

“ဂျော်ဒန်ဘုရင်နဲ့ တိုင်ပင်ပြီး ပါလက်စတိုင်းအာဏာပိုင် သမ္မတဝမ်းနည်းပူဆွေးတဲ့ နေ့ရက်တွေမှာ ဆွေးနွေးပွဲမလုပ်တော့ဖို့ စီစဉ်လိုက်ကြတာပါ။ ဒါကို အမေရိကန်အပါအဝင် ဆွေးနွေးပွဲတက်ရောက်မယ့် တခြားနိုင်ငံတွေကိုလည်း အကြောင်းကြားပြီးပါပြီ။ သူတို့ကလဲ သဘောတူကြပါတယ်”ဟု ဝန်ကြီးကဆိုသည်။

ထိပ်သီးဆွေးနွေးပွဲကို ဂျော်ဒန်နိုင်ငံ မြို့တော် အမ်မမ် တွင် အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာ၊ အီဂျစ်သမ္မတ အယ်လ်ဆီဆီ နှင့် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘက်စ်တို့တက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ပါလက်စတိုင်းသမ္မတသည် ဆွေးနွေးပွဲများတွင် ပါဝင်ရန် ငြင်းဆိုထားကြောင်း အက်ဘ်က်စ်ကိုယ်တိုင် ဦးဆောင်သည့် ဖာတာ(Fatah)လှုပ်ရှားမှု၏ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့ရာမှ ယခုကဲ့သို့ အစည်းအဝေးကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

ဘိုင်ဒင်ကလည်း ဂျော်ဒန်သို့သွားမည့် ၎င်း၏ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အိမ်ဖြူတော်က ကြေညာခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံပေါက်ကွဲမှုတွင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် ဝမ်းနည်းကြောင်းလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here