ပြန်လည်ထူထောင်ရေးအတွက် တောင်သူများကို ကူညီရန် ရန်ပုံငွေ ကျပ်သိန်း (၅၀၀)ခန့်လျာထား

0
96

အဆိုးရွားဆုံး ရေနစ်မြုပ်မှုကြုံတွေ့ခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့)ဘက်ခြမ်းရှိ ပြန်လည်ထူထောင်ရေးအတွက် တောင်သူများကို ကူညီရန် ရန်ပုံငွေ ကျပ်သိန်း (၅၀၀) ခန့်လျာထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ အလုပ်အမှုဆောင်ကော်မတီနှင့် အသင်းဝင်ကုမ္ပဏီများ၏ ပူးတွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှထိုသို့ဆုံးဖြတ်မှုထွက်​ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင်ပဲခူးတိုင်းဒေသကြီး (အရှေ့)ဘက်ခြမ်းရှိ ရေကြီးနစ်မြုပ်မှုများအပေါ် အသင်းချုပ်၊ ညီနောင်အသင်းများနှင့် ကုမ္ပဏီများ အနေဖြင့် ကယ်ဆယ်ရေးအတွက် အလှူငွေ ကျပ်သိန်း(၄၀၀) လှူဒါန်းထားသည်။

ပဲခူးမြို့၌ စံချိန်တင်ရေနစ်မြုပ်ခဲ့မှုကြောင့် လယ်ဧက ၅၀,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း စပါးစိုက်တောင်သူများကဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်တွင်း/ ပြည်ပ ဆန်ဈေးနှုန်းနှင့် ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံ အာမခံစနစ်ဖြင့် ချေးငွေထုတ်ချေးမည့် အစီအစဉ်များ၊ ဆန်စပါးအထူးပြု ကုမ္ပဏီများနှင့် နယ်ဒေသရှိ MSMEများ ပူးပေါင်းဆောင်ရွက်မည့် စပါးဝယ်ယူရေး အတွက် ကာလတိုငွေကြေး ထောက်ပံ့မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် (၁၀) ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးရာသီတွင် ချေးငွေအပြည့်အဝ ထုတ်ချေးပေးနိုင်ရေး ကိစ္စ၊ ပြည်တွင်း ဆန်စပါးရောင်းဝယ်မှုအပေါ် ဒေသအလိုက် စီးဝင်စီးထွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ပို့ကုန်အခြေပြု အရန်ဆန်ထားရှိရေး အစီအစဉ်၊ Export ဝင်ငွေများ ပြန်လည်ဝင်ရောက်ရန်အတွက် အလေးထားဆောင်ရွက်ရန် ကိစ္စ၊ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် စပါး/ ဆန်များကို ရောင်းဝယ်မှုပြုရေး ကိစ္စများကိုလည်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here