ဘေးအန္တရာယ်ကျရောက်မှုသည် ဆင်းရဲမှုကို တွန်းပို့ပေးသကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ်ကို နှစ်ဆပိုခံစားရနိုင်ကြောင်း နစက ဒုတိယဥက္ကဋ္ဌ ပြော

0
231

ဘေးအန္တရာယ် ကျရောက်မှုသည် ဆင်းရဲမှုကို တွန်းပို့ပေးသကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ်ကို နှစ်ဆပိုခံစားစေနိုင်သည့်အတွက် ကြိုတင်ပြင်မှုများ အားကောင်းခိုင်မာနေရန် လိုအပ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

အောက်တိုဘာ (၁၈) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ MICC- 2 ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သဘာဝဘေးကျရောက်မှုများသည် ဖွံ့ဖြိုးမှုအားနည်းသည့်နိုင်ငံ၊ ဆင်းရဲမှုနှုန်းများသည့် နိုင်ငံ၊ ဘေးကျရောက်နိုင်ခြေများသည့် နိုင်ငံ၊ ထိခိုက်လွယ်သူများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ ၊ မသန်စွမ်းသူများကို ဆိုးကျိုးပိုပြီးခံစားရစေသည်ဟု ပြောသည်။

“ဘေးအန္တရာယ်ကျရောက်မှုဟာ ဆင်းရဲမှုကို တွန်းပို့ပေးသလို ဆင်းရဲမှုကြောင့် ဘေးဒဏ်ကို နှစ်ဆပိုခံစားစေနိုင်သည်ဆိုသည့် သံသရာစက်ဝန်းကို ဖြတ်နိုင်ဖို့လိုပါတယ်။ ဒါ့ကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ယှဉ်တွဲနေထိုင်နေရတဲ့ လူမှုအသိုက်အဝန်းတွေဟာ ဖြစ်လာနိုင်တဲ့ ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ အားကောင်းအောင်၊ ခိုင်မာအောင်ဆောင်ရွက်ရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပညာတတ်မြောက်မှုမညီမျှခြင်း၊ နည်းပညာဆိုင်ရာကွာဟခြင်း၊ လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲချမ်းသာကွာဟချက်များရှိနေခြင်းကြောင့် ခွဲခြားဆက်ဆံမှုများ နည်းပါးနိုင်သမျှနည်းပါးအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

ဘေးဖြစ်နိုင်ချေ လျှော့ချရေး အစီအစဉ်များ ဖော်ဆောင်ရာတွင် ကျား-မ တန်းတူ ပါဝင်နိုင်ရေး၊ ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့်အရေးပါမှုကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေရှည်တည်တံ့အောင်ဆောင်ရွက်ကြရမည်ဟု မှာကြားခဲ့သည်။

ထို့အပြင် သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်၍ အခြေခံအဆောက်အအုံများဆောက်လုပ်ခြင်းအပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း ဘေးအန္တရာယ်ဆိုင်ရာ ရှုထောင့်မှ ကြည့်၍ ရေရှည်ခိုင်ခံ့အောင် ထည့်သွင်းဆောင်ရွက်ကြရမည်ဟုလည်း နစက ဒု – ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ရှုပ်ထွေးလှသည့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ဘေးဖြစ်ပွားနိုင်မှု အခြေအနေများ၊ ပြင်းအားများသည် ခန့်မှန်းနိုင်ရန်ခက်ခဲသည့်အတွက် ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်မျှော်မှန်းလုပ်ဆောင်ကြရန်လည်း ထည့်သွင်း ပြောကြားသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here