ဝန်ကြီးဌာနများနှင့် တိုင်းနှင့်ပြည်နယ်အစိုးရများ ဥပဒေပိုင်းဆိုင်ရာအကြံပေးချက်များကို အကျိုးရှိရှိအသုံးချရန် နစက ဥက္ကဋ္ဌ ပြောကြား

0
163

အောက်တိုဘာ (၁၈) ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ၏ အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)သို့တက်ရောက် အမှာစကားပြောကြားစဉ် စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနများအလိုက် ဥပဒေအကြံပေးများ ခန့်အပ်ထားခြင်းသည် ဥပဒေပိုင်းဆိုင်ရာများတွင် မှန်မှန်ကန်ကန်နှင့် နည်းလမ်းတကျဖြစ်စေလို၍ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒါ့ကြောင့် ဝန်ကြီးဌာနတွေ တိုင်းနဲ့ပြည်နယ်တွေ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဥပဒေပိုင်းဆိုင်ရာ အကြံပေးချက်တွေကို အကျိုးရှိရှိအသုံးပြုဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အပြင် ဝန်ကြီးဌာနများ၊တိုင်းနှင့်ပြည်နယ် အစိုးရများ အနေဖြင့် ခွင့်ပြုပေးထားသည့် ဘတ်ဂျက်ငွေများကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ပြီး ဘတ်ဂျက်ငွေကြိုတင်စိစစ်ရေးကော်မတီတစ်ခု ဖွဲ့စည်းကာ ထိထိရောက်ရောက် စိစစ်ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အတူ လုပ်ငန်းများ အောင်မြင်စေရန် အမှန်တကယ် လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ပါက တိုင်းပြည်၏ GDP မှာလည်း များစွာပြောင်းလဲသွားမည်ဟု နစက ဥက္ကဋ္ဌက ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here