ကချင်ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့်ထိန်ချုံးမြို့ နိုင်ငံတကာကုန်သည်ကြီးများအသင်းတို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုး

0
152

တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ပေါင်စန်းပြည်နယ်ခွဲ၊ထိန်ချုံးမြို့၌ အောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းကကျင်းပခဲ့သည့် တရုတ်-ပေါင်စန်း-ထိန်ချုံး (၈) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တရုတ်-ပေါင်စန်း-ထိန်ချုံး (၈) ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ်ဦးသော်တာအောင် တက်ရောက် မိန့်ခွန်းပြောကြားကာ ယူနန်-ပေါင်စန်း-ထိန်ချုံးနှင့်မြန်မာနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲနှင့်သဘောတူစာချုပ် ချုပ်ဆိုပွဲတို့သို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မှု၊ထိန်ချုံး-ဟိုချောင်-မြစ်ကြီးနားကားလမ်းနှင့်ကန်ပိုက်တီနယ်စပ်ဂိတ်အဆင့်မြှင့်တင်ရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကချင်ပြည်နယ် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့်ထိန်ချုံးမြို့ နိုင်ငံတကာကုန်သည်ကြီးများအသင်း၊ ထိန်ချုံးခရိုင်ပြည်သူ့အစိုးရနှင့် Sichuan Zhongnonglan Agricultural Development Co.,Ltd ၊ ယူနန်ကျင်းရှင်းအထွေထွေစိုက်ပျိုးရေးကုမ္ပဏီနှင့်ချန်းရင်းခူးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

(၈)ကြိမ်မြောက် နယ်စပ်ကုန်စည်ပြပွဲအား အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံမှ စီးပွားရေးအသင်းအဖွဲ့လုပ်ငန်းရှင်(၇၄) ဦး၏ ပြခန်းပေါင်း(၁၂)ခန်းအပါအဝင် တရုတ်၊တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံပေါင်း (၂၀)မှ ပြခန်းပေါင်း(၆၀၀)ကျော်ခင်းကျင်းပြသရောင်းချလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here