မိန်းကလေးတစ်ဦးအားလိမ်၍ ပြည့်တန်ဆာလုပ်ငန်းသို့ ပို့သူများကို ထောင်ဒဏ်များချမှတ်

0
266

မိန်းကလေးငယ်တစ်ဦးကို ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူ (၂) ဦးကို တွံတေးခရိုင်တရားရုံးမှ အောက်တိုဘာ (၁၈) ရက်က အလုပ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ်နေ မိုးသီတာ(ခ)သဲသဲနှင့် ကျော်ဇင်လတ် (ခ)ကိုလင်းတို့သည် တစ်မြို့တည်းနေ မိန်းကလေးငယ်တစ်ဦးအား လားရှိုးမြို့ရှိ KTV ဆိုင်တွင် ဘီယာဗန်းကိုင်ခြင်းနှင့် ဘီယာငှဲ့ပေးသည့် အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး တစ်လလျှင် ငွေကျပ်သုံးသိန်းခန့်ရမည်ဟု လိမ်လည်စည်းရုံးခဲ့ကြကြောင်း သိရသည်။

ထိုသို့ လိမ်လည်ပြောဆိုစည်းရုံးပြီးနောက် မိန်းကလေးငယ်အား ပြည့်တန်ဆာလုပ်ငန်းသို့ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ် ရယူခဲ့ကြသည်။

ထို့ကြောင့် ဒလမြို့မရဲစခန်းမှ ၎င်းတို့ နှစ်ဦးအား (ပ) ၁၈၃/ ၂၀၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်ကာ တွံတေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ တရားစွဲဆို တင်ပို့လာမှုကြောင့် တွံတေးခရိုင်တရားရုံးမှ မိုးသီတာ (ခ)သဲသဲအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ်(၁၅)နှစ်၊ ကျော်ဇင်လတ်(ခ)ကိုလင်းအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်(၁၀)နှစ်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here