ရန်ကုန် (၃) မြို့နယ်နှင့် တာချီလိတ်တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ

0
231

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် အမျိုးသား (၅) ဦးထံမှ ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါး(Happy Water) သယ်ဆောင်ရောင်းဝယ်မှုများကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ) မောင်စံအား အောက်တိုဘာ (၁၄) ရက် နံနက် (၁၀) နာရီခွဲအချိန်၌ စိတ်ပြောင်းဆေးဝါး(Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင်အား မွန်းလွဲ (၂) နာရီအချိန်က စိတ်ပြောင်းဆေးဝါး (Happy Water) ၁၄ ဒသမ ၉၄ ကီလိုနှင့်လည်းကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ အား ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ ပြားနှင့် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများ၏ ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာ (၁၄) ရက် ည (၉) နာရီခွဲအချိန် နေလဝင်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ) အိုက်ပီးတို့ (၂) ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် (၁) စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးရမိမှု စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၃၈ ဒသမ ၈၂ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၀ ပြားနှင့် ကဖင်းဆေးပြား ၂၂၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here