မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့မှ ၄ ရက်အတွင်းတိုင်းနှင့်ပြည်နယ် ၁၃ ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်

0
275

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာ ၂၂ ရက် (ယနေ့) နံနက်မှ အောက်တိုဘာ ၂၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၃ ခုတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ ၂၂ ရက်(ယနေ့)နံနက် ၇ နာရီက ထုတ်ပြန်ခဲ့သည်။

ရန်ကုန်တွင်ယမန်​​နေ့ညကလည်းလျှပ်ပြက်မှုများဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့​သေးသည်။

မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ဟိုင်းကြီးကျွန်း မြို့၏ အနောက်- အနောက်တောင်ဘက် ရေမိုင် (၄၇၀)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက် တောင်ဘက် ရေမိုင်(၅၀၀)မိုင်၊ သံတွဲမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၅၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသော်လည်း မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၅ ရက်အတွင်း ရန်ကုန်တိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှနေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အချို့ဒေသများ၌နေရာကွက်၍ မိုးကြီးနိုင်ကာ စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်နှင့်ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင်လည်း နေရာကွက်၍ မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု သိရသည်။

ထို့အတူ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း လှိုင်းအမြင့် (၇)ပေမှ(၉)ပေခန့်အထိရှိမည့် ရေ ပြင်/မြေပြင်လေ တစ်နာရီလျင် မိုင်(၃၀)မှ(၃၅) မိုင်အထိ မိုးသက်လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။

ထို့ကြောင့် မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ချောင်းငယ်များအနီးတွင်နေထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးဇလကအသိပေးခဲ့သည်။

ထို့အတူ ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့်မြစ်ဝကျွန်းပေါ်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ကြရန်လည်း မိုးဇလကအသိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here