သတင်းမီဒီယာကဏ္ဍ၏ မှန်ကန်သောရပ်တည်ချက်ကို ထိခိုက်စေသည့်သတင်းမီဒီယာအချို့အား တိုင်ကြားလာမှုများအပေါ် ကူညီနိုင်မည်မဟုတ်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆို

0
118

နိုင်ငံတော်နှင့်ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန်ရည်ရွယ်ချက်ဖြင့် ကြံစည်ဆောင်ရွက်လှုံ့ဆော်မှုပြုလုပ်သည့် သတင်းမီဒီယာများ၏ နောက်ဆက်တွဲဖြစ်ပေါ်လာမှုများကို ကူညီဖြေရှင်းပေးမည်မဟုတ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ အောက်တိုဘာ ၂၀ ရက်က အသိပေးကြေညာချက်(၅ /၂၀၂၃)ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်သည် နိုင်ငံတော်၏ဒီမိုကရေစီလမ်းကြောင်းတည့်မတ်အောင်မြင်စွာလျှောက်လှမ်းနိုင်စေရန်၊စစ်မှန်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊တိုင်းရင်းသားပြည်သူအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသောအနာဂတ်နှင့်ကောင်းမွန်သောပစ္စုပ္ပန်ကို အစိုးရနှင့်ပြည်သူတစ်ရပ်လုံးက ပူးပေါင်းလက်တွဲတည်ဆောက်ကြရမည့်အချိန်အခါဖြစ်သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ကြောင့် သတင်းမီဒီယာသမားများ၊သတင်းဌာနများသည် နိုင်ငံတော်၏စတုတ္ထမဏ္ဍိုင်အဖြစ် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြရမည်ဟုလည်း ရေးသားထားသည်။

ထိုသို့ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အချို့မီဒီယာသမားများနှင့်သတင်းဌာနများသည် သဘောထားရိုးဖြောင့်မှုမရှိဘဲ နိုင်ငံတော်နှင့်ပြည်သူများ၏ မျှော်မှန်းချက်ကိုသွေဖည်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ကြံစည်ဆောင်ရွက်မှု၊လှုံ့ဆော်မှုအချို့၊လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့အပေါ် ပုတ်ခတ်မှုများကို ဆောင်ရွက်လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အဆိုပါ ဆောင်ရွက်မှုသည် သတင်းမီဒီယာကဏ္ဍ၏ မှန်ကန်သောရပ်တည်မှုကိုထိခိုက်လာနိုင်၍ ယင်း လုပ်ရပ်များကိုတားမြစ်ကာ နောက်ဆက်တွဲဖြစ်ပေါ်လာမှုများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ကူညီဖြေရှင်းပေးမည်မဟုတ်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာသမားများနှင့်ဌာနဆိုင်ရာသတင်းရင်းမြစ်များကြား အငြင်းပွားဖွယ်ရာများ၊အခြားအကြောင်းများ၊အခက်အခဲအကျပ်အတည်းများဖြင့်ရင်ဆိုင်ရပါက ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်မှုများ၊သက်ဆိုင်ရာမှဖြေလျှော့ပေးခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ထို့ပြင် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များအပြည့်အဝရရှိစေရန်၊နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကိုဖြည့်ဆည်းပေးရန်၊သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့်တင်ပေးရန်နှင့်သတင်းမီဒီယာများဖွံ့ဖြိုးတိုးတက်စေရန်တို့ကိုလည်းဆောင်ရွက်လျက်ရှိသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here