ရှမ်းရိုးမမွေးမြူရေးဇုန်တိုးချဲ့နိုင်ရေးနှင့်တိုးချဲ့မွေးမြူနိုင်ရေးအတွက်ပံ့ပိုးပေးမည်ဟု နစက ဥက္ကဋ္ဌပြော

0
241

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်နေ့စဉ်ရှိနေ၍ အေးသာယာစက်မှုဇုန်ရှိ ရှမ်းရိုးမမွေးမြူရေးဇုန်အား တိုးချဲ့နိုင်ရေးနှင့်တိုးချဲ့မွေးမြူနိုင်ရေးအတွက်ကူညီပေးသွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

နစက ဥက္ကဋ္ဌမှ အောက်တိုဘာ ၂၁ ရက်မွန်းလွဲပိုင်းက တောင်ကြီးမြို့၊အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်လုပ်ငန်းဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုအားပေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသထွက်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများလုပ်ဆောင်နိုင်ရေး၊နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရမှုလျော့နည်းသွားစေရေးတို့အတွက် နို့စားနွားမွေးမြူရေးကိုဆောင်ရွက်ရန် အေးသာယာစက်မှုဇုန်အား ဦးစွာရည်ရွယ်၍အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် ဒေသခံများပိုမိုစိတ်ဝင်စားသည့် ဥစားကြက် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိ၍ ဝမ်းမြောက်မိကာ ကိုဗစ် (၁၉)ရောဂါဖြစ်ပွားမှုနှင့်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်းရိုးမမွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေအတွက် များစွာဖြန့်ဖြူးပေးနိုင်ခဲ့သဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေခဲ့သဖြင့် ရှမ်းရိုးမမွေးမြူရေးဇုန်တိုးချဲ့နိုင်ရေးနှင့်တိုးချဲ့မွေးမြူနိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြက်ဥလိုအပ် ချက်နေ့စဉ်ရှိနေပါတယ် ဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ထုတ်လုပ်နိုင်မယ်ဆိုရင် ကြက်ဥဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် အစာစပ်စက်ရုံဆောင်ရွက်ပြီး မွေးမြူရေးအစာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့်အခြေအနေရှိကာ မွေးမြူရေးအစာထုတ်လုပ်ရန် ဒေသတွင်းထွက်ရှိသည့်ကုန်ကြမ်းများလည်းရှိပြီးဖြစ်၍ အစာစပ်စက်ရုံကို စနစ်တကျဆောင်ရွက်ပြီး ဒေသတွင်းနှင့်နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးရမည်ဟု ဆိုသည်။

အေးသာယာစက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများအဓိကဖြန့်ဖြူးသည့်နေရာဖြစ်၍ ကြက်ခြံများတိုးချဲ့နိုင်ရန် သမားရိုးကျနည်းလမ်းများအပြင် ခေတ်မီနည်းစနစ်များဖြင့် တိုးချဲ့ဆောင်ရွက်သင့်ပြီး အလုံပိတ်အအေးခန်းစနစ်ဖြင့် အဆင့်မြင့်ကြက်မွေးမြူခြင်းသည် အရင်းအနှီးများသော်လည်း ဇီဝလုံခြုံမှုအပြည့်အဝရှိကာ အထွက်နှုန်းကောင်းမွန်ခြင်း၊အရည်အသွေးမြင့် ကြက်ဥများရရှိနိုင်ခြင်းအပြင် အခြားအကျိုး ကျေးဇူးများစွာရရှိနိုင်မည်ဟု ဆိုသည်။

ထို့ကြောင့် အေးသာယာစက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးမည်၍ သက်ဆိုင်ရာဦးစီးဌာနများ၊ဝန်ကြီးဌာနများနှင့်ပြည်နယ်အဆင့်တို့မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ရှမ်းရိုးမမွေးမြူရေးဇုန်ရှိ ဒေါက်တာစိုင်းလုံ၏ အလုံပိတ်အအေးခန်းစနစ်ဖြင့် အဆင့်မြင့်ကြက်မွေးမြူရေးဆောင်ရွက်ထားရှိမှုကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here