ရွှေဘိုပြည်သူ့ဆေးရုံအား ဗုံးဖြင့်ဖောက်ခွဲရန်ပြုလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွားပြီး ဖောက်ခွဲရန်ကြံစည်သည့်အမျိုးသမီးဒဏ်ရာရ

0
238

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရွှေဘိုမြို့ပြည်သူ့ဆေးရုံ၏ ရုံးခန်းအား အမျိုးသမီးတစ်ဦးမှ ဗုံးဖြင့်ဖောက်ခွဲရန် ပြုလုပ်စဥ် ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းအမျိုးသမီးထိခိုက်ဒဏ်ရာရရှိခဲ့မှု အောက်တိုဘာ (၂၃) ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် (၁၁) နာရီခန့်က အမျိုးသားတစ်ဦးနှင့်ရွှေဘိုမြို့နေ မပပထွန်း(၃၁)နှစ်တို့သည် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိလာကာ ဆေးရုံ၏ ရုံးခန်းအား ဗုံးဖြင့်ဖောက်ခွဲရန်ပြုလုပ်စဥ် ဗုံးမှာ၎င်း၏ လက်ထဲ၌ ပေါက်ကွဲသွားခဲ့ပြီး အတူလိုက်ပါလာသော အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

“ဆေးရုံရုံးခန်းကို ဖောက်ခွဲဖို့ ဗုံးကိုကိုင်ထားတဲ့အချိန် သူ့လက်ထဲမှာပဲ ပေါက်ကွဲသွားတာ။ လက်နှစ်ဖက်လုံးက လက်ချောင်းတွေပြတ်ထွက်သွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း ဗုံးစထိမှန် ဒဏ်ရာတွေရသွားတယ်။ သူဗုံးဖောက်ဖို့ လုပ်တဲ့ဆေးရုံမှာပဲ ဆေးကုနေရတယ်။ ပေါက်ကွဲတဲ့ အရှိန်နဲ့ဆေးရုံပြတင်းပေါက်က မှန်တွေကွဲသွားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ မပပထွန်းသည် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကာ ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသားအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here