အငှားယာဉ်များတွင် တပြေးညီ တပ်ဆင်ရန် သတ်မှတ် Taxi Board များ (YCTA) မှ စတင်ရောင်းချ

0
260

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အငှားယာဉ်များတွင် တပြေးညီ တပ်ဆင်ရန် သတ်မှတ်ထားသည့် Taxi Board များကို အောက်တိုဘာ (၂၄) ရက်မှ စတင်ကာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) မှ သိရသည်။

အဆိုပါ Taxi Board များကို သတ်မှတ်ဈေးနှုန်း ၁၂၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သော်လည်း ရန်ကုန်စီးတီးတက္ကစီအသင်း(YCTA)တွင် အသင်းဝင်ထားသည့် အငှားယာဉ်များကို ကျပ် ၁၀၀၀၀၊ ပြင်ပ အငှားယာဉ်များအား ၁၂ ၀၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Taxi Board များတွင် Taxi စာသားကို မြင်သာစေရန်အတွက် အောက်ခံ အဖြူရောင် မီးအိမ်ကို တပ်ဆင်ရမည်ဖြစ်ပြီး အောက်ခြေအလျား (၁၀) လက်မ၊ အပေါ်အလျား (၉)လက်မ၊ အောက်ခြေအကျယ် (၅)လက်မ၊ အပေါ်အကျယ် (၂) လက်မနှင့် အမြင့် (၃) လက်မ သတ်မှတ်ထားကြောင်း သိရသည်။

ထိုသို့ သတ်မှတ်ထားသည် Taxi Board များကို ဝယ်ယူလိုသူ ယာဉ်ပိုင်ရှင်များအနေဖြင့် အမှတ် (၂၆)၊ ပင်လုံလမ်းမကြီး၊ (၂၉) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ YCTA ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များသည် အရွယ်အစား၊ အရောင်အမျိုးမျိုး၊ ထားရှိသည့် နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲသွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှု ရှိစေရေး၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေ အပိုဒ် ၂၇၃(က) အရ တပြေးညီ တပ်ဆင်ပြေးဆွဲရမည်ဟု YRTC က အသိပေးထားသည်။

Taxi Board များကို မော်တော်ယာဉ် စီမံခန့်ခွဲမှု နည်းဥပဒေ အပိုဒ် ၂၇၃ (က)အတိုင်း ၃ လအတွင်း ပြောင်းလဲရမည်ဖြစ်ပြီး မပြောင်းလဲပါက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူမည်ဖြစ်ကြောင်း (YRTC) က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ တပြေးညီ တပ်ဆင်ရန် ဒီဇင်ဘာ ၈ ရက်အထိ အသိပညာပေးကာလသတ်မှတ်၍ ရက်ပေါင်း ၉၀ ပြီးဆုံးပါက ဒီဇင်ဘာ ၉ ရက်မှစတင်၍ အရေးယူသွားမည်ဖြစ်ကြောင်း (YRTC)က ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here