မြောက်ကိုရီးယားပြည်ပြေး ဟု ယူဆရသူများကို တင်ဆောင်လာသည့်လှေအား တောင်ကိုရီးယားဖမ်းဆီးခဲ့

0
158

ဆိုးလ်၊အောက်တိုဘာ ၂၄

နိုင်ငံတကာ၏ပိတ်ဆို့ဒဏ်ခတ်မှုအားခံထားရသည့် မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးလာသည့် ပြည်ပြေးများဟုယူဆရသူများအား တင်ဆောင်လာသည့် မြောက်ကိုရီးယားလှေတစ်စင်းအား အောက်တိုဘာ ၂၄ ရက်တွင် တောင်ကိုရီးယားမှဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါလှေငယ်အား ကိုရီးယားနှစ်နိုင်ငံကြားရှိ မြောက်ပိုင်းနယ်နိမိတ်မျဥ်း Northern Limit Line အနီးတွင်တွေ့ရှိရပြီးနောက် တောင်ကိုရီးယားနိုင်ငံအရှေ့ဘက်ရှိ ဆော့ချိုမြို့အနီးတွင်ရပ်တန့်သွားသည်ကိုတွေ့ရှိရကြောင်း ပူးတွဲစစ်ဦးစီးချုပ်များကပြောကြားခဲ့သည်။

အဆိုပါလှေပေါ်၌လိုက်ပါလာသူမည်မျှရှိသည်ကို တောင်ကိုရီးယားစစ်တပ်ကထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း Yonhap သတင်းဌာနကမူ အဆိုပါလှေပေါ်တွင် မြောက်ကိုရီးယားနိုင်ငံသားလေးဦးပါရှိပြီး ၎င်းတို့သည် ပြည်ပြေးပြုလုပ်ရန်ရည်ရွယ်ချက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟုဖော်ပြခဲ့သည်။

ယခုဖြစ်စဉ်သည် ပြီးခဲ့သည့်မေလက ငါးဖမ်းသင်္ဘောမှတစ်ဆင့် အနောက်ပင်လယ်နယ်နိမိတ်ကိုဖြတ်ကျော်ဝင်ရောက်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသားကိုးဦး၏ ခရီးစဉ်အပြီး ဒုတိယအကြိမ်မြောက်ဖြတ်ကျော်မှုလည်းဖြစ်ကြောင်းသိရသည်။

မြောက်ကိုရီးယားမှတောင်ကိုရီးယားသို့ဝင်ရောက်ရန်ကြိုးပမ်းသူများသည် အများအားဖြင့် တရုတ်နှင့်အရှေ့တောင်အာရှနိုင်ငံများမှတစ်ဆင့်ဝင်ရောက်ခြင်းအား အသုံးပြုလေ့ရှိကြပြီး အစောင့်အကြပ်များတင်းကြပ်စွာချထားသည့် နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ဝင်ရောက်ခြင်းမျိုးသိပ်လုပ်လေ့မရှိကြကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here