ဂါဇာကမ်းမြောင်ဒေသတွင် နိုင်ငံတကာဥပဒေများအား ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများကို ကုလသမဂ္ဂ အကြီးအကဲ ပြင်းပြင်းထန်ထန်ရှုတ်ချ

0
333

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ဂါဇာတွင် နိုင်ငံတကာ ဥပဒေများအား ရှင်းရှင်းလင်းလင်း ချိုးဖောက်မှုများရှိနေသဖြင့် ယင်းတို့ကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး အစ္စရေးတပ်များ ဝိုင်းရံထားသည့် ကမ်းရိုးတန်းဒေသအား ဗုံးကြဲတိုက်ခိုက်ခြင်းကို ခေတ္တရပ်ရန်နှင့် အကူအညီများ ပိုမိုခွင့်ပြုရန် အစ္စရေးအစိုးရအား ဖိအားများ ထပ်လောင်းပေးခဲ့သည်။

ဂါဇာကမ်းမြှောင်ဒေသ စစ်ပွဲနှင့်ပတ်သက်၍ ၎င်း၏ အပြင်းထန်ဆုံး မှတ်ချက်တွင် အရပ်သားများ၏ ဘေးကင်းရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း ဂူတာရက်စ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အင်္ဂါနေ့ကပြောကြားခဲ့သည်။

“အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုတာဟာ သူတို့ကို လူသားဒိုင်းတွေအဖြစ် သုံးဖို့ ဆိုလိုတာမဟုတ်ပါဘူး” ဟု အတွင်းရေးမှူးချုပ်က ပြောကြားပြီး “အမိုးအကာမရှိ၊ စားစရာမရှိ၊ ရေလဲမရှိ၊ ဆေးဝါးနဲ့ လောင်စာလဲမရှိတဲ့ တောင်ဘက်ဒေသတွေဆီကို လူ ၁ သန်းကျော် ရွှေ့ပြောင်းဖို့ အမိန့်ပေးရမယ်လို့ဆိုလိုတာလဲမဟုတ်ပါဘူး။ ပြီးတော့လဲ တောင်ပိုင်းကို ဗုံးတွေ ဆက်တိုက်ကြဲသေးတယ်”ဟု ဂူတာရက်စ်ကပြောသည်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်၏ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်မှုအပေါ် ခွင့်လွှတ်စရာအကြောင်းမရှိသော်လည်း၊ ပါလက်စတိုင်းများအားလုံးကို အပြစ်ပေးရန်ပြုလုပ်နေခြင်းအပေါ်ကိုမူ မစ္စတာဂူတာရက်စ်က သတိပေးလိုက်သည်။ သို့ရာတွင် နိုင်ငံတကာဥပဒေများကို မည်သူတို့က ချိုးဖောက်နေသည်ဆိုခြင်းကိုမူ အမည်တပ်၍ ပြောကြားခြင်း မရှိခဲ့ချေ။

သို့ရာတွင် ဂူတာရက်စ်၏ မှတ်ချက်များသည် အစ္စရေးဖက်မှ ဒေါသတကြီးတုန့်ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံတမန် ဂျီလက်အာဒန်က ဂူတာရက်စ်၏ မှတ်ချက်များသည် တုန်လှုပ်ဖွယ်ရာဖြစ်ပြီး၊ ဂူတာရက်စ်အား တာဝန်မှအနားယူရန် တောင်းဆိုနေစဉ်တွင်၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကိုဟင်ကလည်း ဂူတာရက်စ်အား ဆန္ဒပြသည့်အနေဖြင့် အစည်းအဝေးမှ ထွက်ခွာသွားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here