ကျိုက်မရောတွင် အမျိုးသား (၃) ဦးအား စိတ်ကြွဆေးပြား၊လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းမိ

0
153

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ (၂၄) ရက် ညနေပိုင်းက အမျိုးသား (၃) ဦးအား စိတ်ကြွဆေးပြားများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာအနီး၌ ထွန်းထွန်းဦး(ခ)ငကြောင်(၃၆)နှစ်အား စိတ်ကြွဆေးပြား (၁၅၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းအား စစ်ဆေးချက်အရ ညနေ (၅) နာရီ (၁၅) မိနစ်တွင် မင်းသူ(၃၃)နှစ်အား ၎င်းနေထိုင်သည့် ခရုံကျေးရွာရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား (၁၀၀၀၀) ပြား၊ ပစ္စတိုသေနတ် (၁) လက်၊ ၎င်းကျည် (၃) တောင့်၊ ကျည်အိမ် (၁) ခု၊ ပွိုင့် -၂ ၂ လက်လုပ်သေနတ် (၁) လက်၊ ည (၆) နာရီ (၁၀) မိနစ်တွင် အောင်အောင်(ခ) ကမ္ဘာကျော်(၂၆) နှစ်အား ခရုံကျေးရွာရှိ ၎င်း၏နေ အိမ်အတွင်းမှ စိတ်ကြွဆေးပြား (၇၄၀) ပြား၊ ခြံ၀င်းအတွင်းရပ်တန့်ထားသည့် HIJET ကား (၁) စီးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ (၃) ဦးအား ကျိုက်မရောမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here