ဘတ်‌ငွေတစ်သိန်းခြိမ်းခြောက်ငွေညှစ်မှုဖြင့် ထိုင်းရဲအရာရှိအချို့အားမြန်မာအမျိုးသားသုံးဦးတိုင်ကြား

0
297

ဘန်ကောက်၊အောက်တိုဘာ ၂၅

ထိုင်းနိုင်ငံချွန်ဘူရီရှိ ဘော်ဝင်ရဲစခန်းတွင် ထိုင်းအရာရှိများက ဘတ်ငွေ ၁၀၀,၀၀၀ တောင်း၍ ကိုယ်ထိလက်ရောက်ကျူးလွန်မှုပြုလုပ်ကာ မမှန်မကန် စွဲချက်တင်ခဲ့သဖြင့် မြန်မာနိုင်ငံသားသုံးဦးက အကျိုးအမြတ်မယူဘဲ အခမဲ့‌ဆောင်ရွက်ပေးနေသည့် Saimai Survive အဖွဲ့အစည်းထံ အကူအညီတောင်းခံခဲ့‌ကြောင်းသိရသည်။

အဆိုပါအမျိုးသားများက တိုင်ကြားအပြီး၌ Saimai Survive အဖွဲ့သည် ရဲများ၏ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မြန်မာအမျိုးသားတစ်ဦး၏ကျောပေါ်မှဒဏ်ရာကို ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်၌မျှဝေခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက်တွင် ဘော်ဝင်ရဲစခန်းမှ ကင်းလှည့်နေသည့်ရဲများသည် အဆိုပါအမျိုးသားများအား ထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်လာသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်‌သည်။

မြန်မာနိုင်ငံသားများကမူ ၎င်းတို့အနေဖြင့် တရားဝင်နေထိုင်ခြင်းဖြစ်ကြောင်း၊ အထောက်အထားအခိုင်အမာရှိကြောင်းကို ရှင်းပြသော်လည်း ၎င်းတို့ကလက်မခံဘဲဖမ်းဆီးခဲ့ကာ တရားမဝင် ဝင်ရောက်လာကြောင်း ကို အတင်းအဓမ္မဝန်ခံခိုင်းခဲ့သည်ဟုဆိုသည်။

၎င်းတို့ပြောသလိုမလုပ်သဖြင့်လည်း အနည်းငယ်ရိုက်နှက်ခံခဲ့ရပြီး ဘတ်တစ်သိန်းပေးလျှင်အမှုကျေအေးပေးမည်ဟုဆိုသဖြင့် ၎င်းတို့လုံခြုံရေးအတွက်ပေးမည်ဟုအာမခံခဲ့ရကြောင်းလည်း မြန်မာအမျိုးသားများကပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အင်တာနက်အသုံးပြုသူထိုင်းနိုင်ငံသားများကလည်း ခြိမ်းခြောက်ခံရသူမြန်မာအမျိုးသားများအားကိုယ်ချင်းစာကြောင်းပြောကြားခဲ့ပြီး ခက်ခက်ခဲခဲရှာဖွေထားရသောငွေများအား ယခု ကဲ့သို့ မတရားခြိမ်းခြောက်ငွေညှစ်သည်မှာမဖြစ်သင့်ကြောင်းလည်းဝေဖန်ပြောကြားခဲ့ကြသည်။

ယခုကိစ္စအတွက်စုံစမ်းစစ်ဆေးမှုကိုပြုလုပ်နေပြီဖြစ်ကြောင်း ဘော်ဝင်ရဲစခန်းမှတာဝန်ရှိအကြီးအကဲတစ်ဦးကပြောကြားခဲ့ပြီး အခင်းဖြစ်နေ့က စခန်းတွင်ရှိ‌နေသည့်တာဝန်ကျရဲများအားလုံးကိုစစ်ဆေးသွားမည်ဟုဆိုကာ လက်ရှိအချိန်၌ မြန်မာနိုင်ငံသားသုံးဦးကို ဆေးကုသမှုခံယူနိုင်ရန်စီစဉ်ပေးထားသည်ဟုလည်းဆိုခဲ့သည်။

Source : The Thaiger


LEAVE A REPLY

Please enter your comment!
Please enter your name here