မော်လမြိုင်မြို့ရှိ အထက်တန်းကျောင်း မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှ စိစစ်တွေ့ရှိချက်ကို အမြန်ဆုံး ပြန်လည် တင်ပြရန် မွန်ပြည်နယ်ဝန်ကြီးချုပ် မှာကြား

0
235

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းအဆောက်အဦဖြစ်သည့် ဦးသာညှင်း ဓမ္မာရုံ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်ကို အမြန်ဆုံးပြန်လည်တင်ပြရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က မှာကြားလိုက်သည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အပေါ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့ခြင်းဖြစ်သည်။

ယခုမီးလောင်ကျွမ်းသွားသည့် ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံသည် ကျောင်း၏ ရှေးဟောင်းအဆောက်အဦဖြစ်သဖြင့် များစွာပင်စိတ်မကောင်း ဖြစ်မိကြောင်း၊ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်တွေ့ရှိချက်အား အမြန်ဆုံးပြန်လည်တင်ပြကြရန်လိုကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ကျောင်းသူ ကျောင်းသားများ သတ်မှတ်စာသင်နှစ်အတွင်း စာသင်ကြားမှု မထိခိုက်စေဘဲ စာသင်ကြားနိုင်ရေး စာသင်ခန်း လုံလောက်မှု ရှိ၊ မရှိနှင့် စားပွဲခုံများ လိုအပ်ချက်များရှိပါက တင်ပြပေးကြရန် လိုအပ်သလို ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ အမှတ် (၉) အခြေခံ ပညာအထက်တန်းကျောင်းမှာ ယမန်နေ့ အောက်တိုဘာ (၂၅) ရက် နံနက် (၃) နာရီ (၄၂) မိနစ်အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ယာဉ် စုစုပေါင်း(၂၅)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၈၆) ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် (၄) နာရီ (၅၅) မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ ဒုတိယအကြိမ် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here