အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသား (၄) ဦးအား မြန်မာအစိုးရမှ ပြန်လည်ခေါ်ဆောင်

0
295

စစ်ပွဲများ ဖြစ်ပွားနေသည့် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေရာမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၄) ဦးအား မြန်မာအစိုးရမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အစိုးရ၏ အစီအစဥ်ဖြင့် နေရပ်ပြန်လိုသူများအား အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တဲလ်အဗီးမြို့မှ စာရင်းကောက်ခံရာတွင် မြန်မာနိုင်ငံသား ကိုအောင်ကျော်ဦး(ခ)ခွန်အောင်ကျော်ဦး၊ မလမိုင်မိုင်းရာ၊ မမိုးသီတာအောင်နှင့် မခင်နှင်းအိတို့က စာရင်းပေးသွင်းခဲ့ကြသည်။

၎င်းတို့ (၄) ဦးအား မြန်မာနိုင်ငံသို့ မြန်မာအစိုးရ အစီအစဥ်ဖြင့် ပြန်လည်ခေါ်ဆောင်ရာ တဲလ်အဗီးမြို့လေဆိပ်မှ အောက်တိုဘာ (၂၅) ရက်ည (၁၁) နာရီ (၄၅) မိနစ်တွင် စတင်ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အောက်တိုဘာ (၂၆) ရက်မွန်းတည့် (၁၂) နာရီခွဲ​ကျော်၌ ဆိုက်ရောက်ခဲ့ကြသည်။

ဘန်ကောက်မြို့မှ အောက်တိုဘာ (၂၆) ရက်ည (၈) နာရီ (၁၅) မိနစ်တွင် MAI လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာကာ ည (၉) နာရီ​ကျော်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပြီး သက်ဆိုင်ရာမြန်မာသံရုံးများမှလည်း ခရီးစဉ်တစ်လျှောက် လိုအပ်သည်များကို ကူညီပေးခဲ့ကြကြောင်း သိရသည်။

မြန်မာအစိုးရအနေဖြင့် အစ္စရေးနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး အခက်အခဲရှိ၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် Rescue Flight များစီစဥ်ဆောင်ရွက်ပေးလျက်ရှိသဖြင့် မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ ဆက်သွယ်အကူအညီတောင်းပြီး စာရင်းပေးသွင်းနိုင်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ အစ္စရေးနိုင်ငံတွင် Commercial Flight အချို့ရပ်ဆိုင်းထားမှုများရှိနေသော်လည်း အခက်အခဲကြုံတွေ့နေသူ၊ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများနှင့်ညှိနှိုင်း၍ နေရပ်ပြန်နိုင်ရန်စီစဥ်ပေးလျက်ရှိကြောင်း သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း အစ္စရေးနှင့် ဂါဇာတွင် ရောက်ရှိနေသည့် ၎င်းတို့၏ နိုင်ငံသားများကို ပြန်လည်ခေါ်ယူပေးနေပြီး ပြီးခဲ့သည့် အောက်တိုဘာ (၁၂) ရက်က ထိုင်းနိုင်ငံသား (၁၅) ဦးသည် ပထမဆုံးအသုတ်အနေဖြင့် အစ္စရေးနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဟားမက်စ်တို့ တိုက်ပွဲအတွင်း ထိုင်းနိုင်ငံသား (၂၁) ဦး‌ေ-သဆုံးခဲ့ပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရှိကာ (၁၆) ဦး မှာ ဓ-ားစာခံအဖြစ် ဖမ်းဆီးခံထားရကြောင်း နိုင်ငံတကာ သတင်းများမှတဆင့် သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here