ဒုတိယအကြိမ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူမည်

0
288

လာမည့် နိုဝင်ဘာ (၁) ရက်မှ စတင်ကာ ဒုတိယအကြိမ် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြင်ဆင်နေသည်။

ယင်းကဲ့သို့ မြန်မာတစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် တိုက်ပွဲများဖြစ်ပွားနေသည့် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ချန်လှပ်ထားမည်ဖြစ်ကြောင်းလည်း သိရသည်။

တစ်နိုင်ငံလုံးရှိ တိရစ္ဆာန်ကောင်ရေစာရင်းကို ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ကောက်ယူခဲ့ပြီး ယခုအခါ ငါးနှစ်ပြည့်သွားပြီဖြစ်သည့်အတွက် နောက်တစ်ကြိမ် ထပ်မံကောက်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

ယခုလို ကောက်ယူရာတွင် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၃) ခု၊ မြို့နယ်ပေါင်း ၂၁၅ မြို့နယ်ရှိကျေးရွာ အုပ်စု၊ ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကောက်ယူမည်ဖြစ်ကာ စီးပွားဖြစ်မွေးမြူရေးခြံစာရင်းကိုတော့ ရာခိုင်နှုန်းအပြည့် စာရင်းကောက်ယူသွားမည်ဖြစ်‌ကြောင်း သိရသည်။

” စီးပွားဖြစ် မွေးမြူရေးခြံတွေကို အဓိကထား ကောက်မှာပေါ့။ ကျန်ဒေသတွေကိုတော့ လွှမ်းခြုံပြီးကောက်သွားမယ် ” ဟုမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မွေးမြူရေး တိရစ္ဆာန်ကြီးတွေအဖြစ် ဒေသနွားကောင်ရေ ကိုးသန်းကျော်ရှိပြီး၊ နို့စားနွား ကောင်ရေတစ်သိန်းကျော်၊ ကျွဲအကောင်ရေ နှစ်သန်းကျော်၊ နွားနောက်ကောင်ရေ သုံးသိန်းကျော်ရှိကြောင်း ၂၀၁၈ ခုနှစ်တွင်ထုတ်ပြန်ထားသည့် တိရစ္ဆာန်ကောင်ရေစာရင်းအရ သိရသည်။

ထို့ပြင် တိရစ္ဆာန်ငယ်များဖြစ်သည့် ဆိတ်ကောင်ရေ ၁ ဒသ မ ၇ သန်း၊ ဝက်ကောင်ရေ ၅ ဒသမ ၇ သန်း၊ မွေးမြူရေးကြက် ၄၄ သန်းကျော်၊ အသားစားကြက်ကောင်ရေ ၁၆ သန်းကျော်နှင့် ဥစားကြက်ကောင်ရေ ၁၂ သန်းကျော်ရှိကြောင်း စာရင်းအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here