မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ် အမျိုးသမီး ၁ ဦး ဖမ်းဆီးရမိထား

0
342

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း မီးလောင်မှုဖြစ်စဉ်မှ သံသယဖြစ်ဖွယ် အမျိုးသမီး ၁ ဦး ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

မော်လမြိုင်မြို့၊ ပန်းဘဲတန်း ရပ်ကွက်၊ အမှတ်(၉)ကျောင်းလမ်းရှိ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်က မီးလောင်ကျွမ်းမှုကြောင့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းအဆောက်အဦဖြစ်သည့် ဦးသာညှင်း ဓမ္မာရုံနှင့် ၂ ထပ် ကျောင်းဆောင်အဆောက်အဦ ၁ လုံးတို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ကိုးဆယ့်သုံးသိန်း ခုနှစ်သောင်း ငါးထောင်ကျပ် ခန့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်ကြောင့် မီးသတ်ယာဉ် စုစုပေါင်း(၂၅)စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား (၁၈၆) ဦးဖြင့် ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်တွင် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုဖြစ်စဉ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းပြန်လည်ဖွင့်ချိန်တွင် နှစ်သုတ်တက်စနစ်ဖြင့် အရှိန်မပျက်ပညာသင်ကြားနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

အဆိုပါကျောင်းသည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ဖူးပြီး Level 2 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ရကာ နှစ်ပေါင်း ၁၀၀ နီးပါးရှိ နှစ်ထပ်ကျောင်းဆောင်နှင့် ကပ်လျက်ရှိ သုံးထပ်ကျောင်းဆောင်တို့ မီးလောင်မှုကြောင့် စုစုပေါင်း ကျပ် ၂၇၀ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့သေးကြောင်း မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here