ကော့ကရိတ်လမ်းပိုင်း ပြန်ဖွင့်ပြီဖြစ်၍ ကုန်ကားများပုံမှန်အတိုင်း သွားလာနေပြီဟုဆို

0
277

နှစ်ဖက်ထိတွေ့ တိုက်ပွဲများကြောင့် ပိတ်ထားသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်လမ်းပိုင်းပြန်ပွင့်ပြီ ဖြစ်သည့်အတွက် ကုန်ကားများ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

” လမ်းကတော့ ပြန်ပွင့်ပြီ။ ဒီမနက်ကစပြီး ကားတွေတော့ သွားနေပြီ။ ဒါမျိုးတွေဖြစ်ရင်တော့ ကုန်ပစ္စည်းတွေ ကြန့်ကြာကုန်တာပေါ့။ အခုက ခဏလေးနဲ့ ပြန်ပွင့်တာ။ ခါတိုင်းဆို အကြာကြီးပိတ်တာ”ဟု မြဝတီကုန်သွယ်ရေးဇုန်မှ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်တိုဘာ (၂၇) ရက် နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ နေရာအနှံ့အပြားတွင် မြန်မာ့တပ်မတော်များနှင့် KNU ၊ PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ယင်းလမ်းပိုင်းကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

“ဒီလမ်းပိုင်းကတော့ ကြုံနေကျပဲ။ ကားသမားတွေကတော့ ကိုယ့်အန္တရာယ်တော့ ကိုယ်ကြည့်ရှောင်ရမှာပေါ့။ တိုက်ပွဲဖြစ်လို့ဆိုပြီး မသွားလို့မှ မရတာ။ ဒီလိုပဲသွားရတာပေါ့။ အခက်အခဲတွေကတော့ ရှိတယ်”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့ နံနက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ လားရှိုး ၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ခမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်မြို့တို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်ခဲ့သည့်အတွက် နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းကို လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here