ငပလီကမ်းခြေ အဘဲရွာတွင် Camping Site တစ်ခု အကောင်အထည်ဖော်လျက်ရှိရာ ရွက်ဖျင်တဲ (၄)လုံး တည်ဆောက်ထားပြီးဖြစ်

0
417

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရှိ အဘဲကျေးရွာတွင် တောင်ပေါ်ရှုခင်းကြည့်နိုင်သည့် ပထမဆုံး Camping Site အသစ်တစ်ခုကို စက်တင်ဘာလမှစတင်၍ အကောင်ထည်ဖော်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် Camping Site အသစ် အကောင်ထည်ဖော်နေသည့် နေရာ၌ ရွက်ဖျင်တဲ (၄)လုံး တည်ဆောက်ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ပြည်နယ် ငပလီဇုန်)မှ သိရသည်။

အဆိုပါ Camping Site မှာ ငပလီတွင် ပထမဆုံးပေါ်ပေါက်လာမည့် Camping Site တစ်ခုဖြစ်ပြီး ခရီးသည် (၅)ဦး တစ်ဖွဲ့နှုန်းနှင့် (၄) ဖွဲ့ နားနေနိုင်မည် ဖြစ်ကြောင်းနှင့် သွားရောက်လိုသူများအတွက် ငပလီကမ်းခြေ ဟိုတယ်ဇုန်မှ အဘဲကျေးရွာအထိ အကြိုအပို့ စီစဉ်ပေးထားကြောင်း ငပလီဇုန်မှ တာဝန်ရှိသူ တစ်ဦးက ရတနာပုံ သတင်းစာသို့ ပြောကြားထားသည်။

အဆိုပါ Camping Site ကို Mini Camping ပုံစံဖော်ဆောင်ထားပြီး လင့်စင်၊ ရွက်ဖျင်တဲ၊ ဒန်း၊ ဝါးထိုင်ခုံများနှင့် အနားယူ အပန်းဖြေနိုင်ရန် ထည့်သွင်းစီစဉ်ထားကာ ခရီးစဉ်အတွင်း ငါးမျှားခြင်း၊ တောင်ပေါ်ရှုခင်းကြည့်ခြင်း၊ အဘဲရွာကို လေ့လာခြင်း အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ငပလီကမ်းခြေ ဟိုတယ်ဇုန်၌ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ အလုံး (၅၀) ခန့်ရှိပြီး လာရောက်လည်ပတ်သည့် ခရီးသွားများကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here