ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို နေထိုင်ခွင့်သက်တမ်းတိုးပေးထား

0
323

ထိုင်းရောက်နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို နေထိုင်ခွင့်သက်တမ်းတိုးပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့်ထိုင်းနိုင်ငံအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ အမည်စာရင်းတင်ပြထားသည့် နိုင်ငံခြားသားအလုပ်သမားများအားနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးခြင်း၊ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားအလုပ်သမားများအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ ယာယီနေထိုင်အလုပ်လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါကင်းလွတ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ အလုပ်ရှင်များအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀၂၄ ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ရက်ပေါင်း ၉၀ ကာလအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အမည်စာရင်းတင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ အသက်၁၈နှစ်အောက် သား/သမီးများကိုလည်း ၎င်းတို့၏မိဘများအား သတ်မှတ်ပေးထားသည့် ကာလအတိုင်း နေထိုင်ခွင့်ပြုပေးကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသည့် သား/သမီးများ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိနေထိုင်ခွင့်ပြုပေးပြီး အလုပ်လုပ်ကိုင်လိုပါက အလုပ်လုပ်ကိုင်ခွင့် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့အကြား သဘောတူထားသည့် အလုပ်လုပ်ကိုင်ခွင့် သဘောတူညီချက် Article 6(1) တွင်ဖော်ပြထားသည့် ရက် ၃၀ သတ်မှက်ချက်အား ကင်းလွတ်ခွင့်ပြုခြင်း၊MOU စနစ်ဖြင့်ဝင်ရောက်လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံခြားသားအလုပ်သမားများအနက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အတွင်း ၄ နှစ်ပြည့်ပြီးသူများနှင့် ၄နှစ်ပြည့်မြောက်မည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ မိခင်နိုင်ငံသို့ ရက်ပေါင်း၃၀ကြာ ပြန်လည်ထွက်ခွာပြီးမှ ဝင်ရောက်လုပ်ကိုင်ရန် ကင်းလွတ်ခွင့်အား မြန်မာဘက်မှ သဘောတူခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ယင်းအပြင် အလုပ်သမားများ၏ စာရွက်စာတမ်းအချက်အလက်များမှန်ကန်ပါက လူဝင်မှုကြီးကြပ်ရေးသတ်မှတ်ချက်များနှင့် အလုပ်ခန့်ထားမှုသဘောတူစာချုပ်ချုပ်ခြင်းလုပ်ငန်းများပြီးစီးချိန်တွင် ၁-၂ ရက်အတွင်း ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊ ၁-၁၁-၂၀၂၀ ရက်နေ့မှ ၃၁-၁၂-၂၀၂၃ ရက်နေ့အတွင်း MOU သက်တမ်း ၄ နှစ်ပြည့်ပြီးသူနှင့် ၄ နှစ်ပြည့်မြောက်မည့် အလုပ်သမားများအတွက် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်အား ထပ်မံတိုးမြှင့်ပေးခြင်း၊ထိုင်းအလုပ်အကိုင်ဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ အလုပ်ရှင်များမှ MOU စနစ်ဖြင့် အလုပ်သမား ပြန်လည်ခေါ်ယူလုပ်ကိုင်နိုင်စေရန် အထက်ဖော်ပြပါ အလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင်နှင့် အလုပ်လုပ်ကိုင်ခွင့်တို့ကို အထူးကိစ္စရပ်အနေဖြင့် ၃၀-၄-၂၀၂၄ ရက်နေ့အထိ ခွင့်ပြုပေးခဲ့ကြောင်း ဖော်ပြထားသည်။

အထက်ပါအချက်များအားထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများအနေဖြင့် သက်ဆိုင်ရာအလုပ်ရှင်၊ စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများအား ထပ်ဆင့်ပြောကြားပေးရန် အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here