မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ဆိုက်ဘာရာဇဝတ်မှု၊ငွေကြေးခဝါချမှုနှင့်အခြား ရာဇဝတ်မှုများတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

0
297

မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ဆိုက်ဘာရာဇဝတ်မှု၊ငွေကြေးခဝါချမှုနှင့်အခြား ရာဇဝတ်မှုများတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နစက အဖွဲ့ဝင်၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု- ဗိုလ်ချုပ်ကြီးရာပြည့်နှင့်တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဝန်ကြီး H.E. Mr. Wang Xiaohong တို့ဦးဆောင်၍ အောက်တိုဘာ ၃၀ ရက်ညနေ ၅ နာရီက နေပြည်တော်၌ကျင်းပသည့် (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်(Lianyungang)နှင့်တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများ တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)အကောင်အထည်ရေး၊ လူမှောင်ခိုမှု၊ဆက်သွယ်ရေးစနစ်အသုံးပြုလိမ်လည်မှု၊ဆိုက်ဘာရာဇဝတ်မှု၊ငွေကြေးခဝါချမှု၊နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊မူးယစ်ဆေးဝါးမှုနှင့်လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ လန်ချန်း-မဲခေါင်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊စီမံကိန်းကြီးများလုံခြုံရေး၊တရုတ်နိုင်ငံသားတရားခံပြေးများဖမ်းဆီးရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင်ဖြစ်ပွားသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ရေး၊တရားဥပဒေစိုးမိုးရေး၊လုံခြုံရေး၊သတင်းအချက်အလက်ဖလှယ်ရေး၊အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးနှင့်လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရေး၊နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်ကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအားတားဆီးနှိမ်နင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ် တစ်ရပ်ထားရှိရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်၍ ဒု-ဝန်ကြီးနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒု-ဗိုလ်ချုပ်ကြီးနီလင်းအောင်၊ ဒု-ဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဌေးလှိုင်နှင့်အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here