KIA အဖွဲ့၏ လက်နက်/ခဲယမ်းနှင့်မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့်သိုလှောင်သည့်နေရာများအား သင့်လျော်သည့်တုန့်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ဟု နစက ထုတ်ပြန်

0
1224

ကချင်ပြည်နယ်ရှိ KIA အဖွဲ့၏ လက်နက်/ခဲယမ်းနှင့်မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့်သိုလှောင်သည့်နေရာများအား သင့်လျော်သည့်တုန့်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ တုန့်ပြန်တိုက်ခိုက်ရခြင်းမှာ အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက KIA နှင့်ပူးပေါင်းအင်အားစုအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဆက်သွယ်ရေးလမ်းကြောင်းအား တားဆီးထိန်းချုပ်ရန် မြစ်ကြီးနား-ဗန်းမော်သွားကားလမ်းမကြီးအား လုံခြုံရေးဆောင်ရွက်နေသည့် ကန်တော်ယန်လုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ရာမှ လုံခြုံရေးအဖွဲ့ဝင်များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ကျဆုံးခဲ့ရကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်မှ Peace -Talk Creation Group(PCG)မှတစ်ဆင့်ဆက်သွယ်၍ အကြမ်းဖက်လုပ်ရပ်များပြုလုပ်လာပါက သီးခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများဆောင်ရွက်သွားမည်ဟု နှစ်ကြိမ်တိုင်အသိပေးအကြောင်းကြားထားမှုအားဖောက်ဖျက်ခဲ့၍ KIA အဖွဲ့၏ လက်နက်/ခဲယမ်းနှင့်မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့်သိုလှောင်သည့်နေရာများအား သင့်လျော်သည့် တုန့်ပြန်တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်မှတုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်နေရာသည် နယ်စပ်နှင့်နီးကပ်၍ အိမ်နီးချင်းနိုင်ငံသို့ မလွှဲမသွေ ဆောင်ရွက်ရမည်ဖြစ်ခြင်းကို ကြိုတင်အသိပေး ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တပ်မတော်၏တုန့်ပြန်တိုက်ခိုက်မှုသည် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကန့်သတ်တုန့်ပြန်တိုက်ခိုက်ခြင်းများသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့်ပတ်သက်၍ နှောင့်ယှက်ထိပါးစေသည့် အကြမ်းဖက်လုပ်ရပ်များထပ်မံဆောင်ရွက်ပါက လိုအပ်သော ပြန်လည်တုန့်ပြန်မှုများဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here