မန္တလေးတိုင်းရှိ မြို့နယ် ၃ ခုအတွင်းမှ ငွေကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
369

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ချမ်းမြသာစည်မြို့နယ်နှင့်အောင်မြေသာစံမြို့နယ်တို့မှ ငွေကျပ် ၅၄၀၄ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေး ဝါးများအား အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တို ဘာ ၂၈ ရက်နေ့လည် ၁ နာရီခွဲခန့်က ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာအနီးတွင် စည်သူထွန်း (ခ)စည်သူ(၂၅)နှစ်နှင့်သန်းထွန်း(ခ)အားချန်(၂၄) နှစ်တို့အား ကားနှစ်စီးနှင့်အတူတွေ့ရှိရသဖြင့် ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေး ဝါးများဖြစ်သည့် Happy Water (၂၀၇ ဒသမ ၅ ဂရမ်)၊ကက်တမင်း (၇၇ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

စစ်ဆေးချက်များအရ ယင်းနေ့ညနေ ၅ နာရီခွဲတွင် သန်းထွန်း(ခ)အားချန်နေထိုင်သည့် ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊ ၁၀၁(A) x ၁၀၂ လမ်းကြား၊ ၆၄(A)လမ်းရှိ နေအိမ်မှ Happy Water (၃ ဒသမ ၃၄၂ ကီလို)၊ကက်တမင်း(၉၇၀ ဂရမ်)တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် အသေးစိတ်စစ်ဆေးချက်များအရ အောက်တိုဘာ ၂၉ ရက်နံနက် ၁ နာရီခွဲ၌ ညီပူး (ခ)ပလောင်(၂၃)နှစ်အား အောင်မြေသာစံမြို့ နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊ ၈၇(C)လမ်းနှင့် ၂၃(E)လမ်းထောင့်တွင် Happy Water (၅၇၅ ဂရမ်)၊ကက်တမင်း (၉၀ ဂရမ်)တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ငွေကျပ် ၅၄၀၄ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ၃ ဦးအား သက်ဆိုင်ရာရဲစခန်းများက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here