မိုဘိုင်းငွေရေးကြေးရေးလိမ်လည်ခံမှုများရှိပါက လုပ်​ဆောင်ရမည့်အဆင့်များ

0
294

မိမိ၏ မိုဘိုင်းငွေကြေးစာရင်းမှ ငွေများလိမ်လည်ခြင်းခံရပါက ဝန်ဆောင်မှုပေး​နေသည့် အဖွဲ့အစည်း၏ (စုံစမ်းမေးမြန်းသည့်စင်တာ) တိုင်တန်းချက်လက်ခံသည့်စင်တာသို့ ဆက်သွယ်အကြောင်းကြားရမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

ထို့သို့ အကြောင်းကြားပြီးပါက တိုင်တန်းချက်လက်ခံသည့်စင်တာမှ တောင်းခံသည့် အချက်အလက်များကို ချက်ခြင်းပံ့ပိုးပေးရန်နှင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းတွင်အမှုဖွင့်ရမည်ဟုလည်း ဗဟိုဘဏ်က ဆိုသည်။

သ‌က်ဆိုင်ရာနယ်မြေရဲစခန်းမှ လိမ်လည်ခံရသူ၏ တိုင်တန်းချက်ကိုရရှိပါက ချက်ခြင်းအမှုဖွင့်ဆောင်ရွက်ပေးရန်၊ အမှုဖွင့်လှစ်ပြီးသည်နှင့်ချက်ခြင်းရဲကဖုန်းဖြင့်ဖြစ်စေ၊ ဖတ်စ်ဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေသက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး‌ဝန်ဆောင်မှုပေးသည့် ဝန်ဆောင်မှုအဖွဲ့အစည်းသို့ အကြောင်းကြားရမည်ဖြစ်သည်။

ထို့ပြင် တိုင်တန်းချက်လက်ခံဆောင်ရွက်သည့်အဖွဲ့အစည်းအနေဖြင့် လိမ်လည်ခံရသူ၏အကြောင်းကြားချက်နှင့် အချက်အလက်များကိုလက်ခံရရှိပါက
-စာရင်းပိုင်ရှင်မှန်/မမှန်၊အချက်အလက်များမှန်ကန်မှုရှိမရှိစစ်ဆေးခြင်း
-မှန်ကန်ပါက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့်ဌာနသို့ ချက်ခြင်းတင်ပြရမည်ဖြစ်ခြင်း
-တိုင်ကြားသူ၏ သတင်းပေးပို့ချက်များသည် မှန်ကန်ခြင်းရှိ/မရှိ ၊‌လိမ်လည်သူဟု သံသယဖြစ်ဖွယ်ပေါ်ပေါက်ခြင်းရှိမရှိနှင့် လိမ်လည်သူနှင့် ဆက်နွယ်သည်ဟု သံသယဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်ခြင်းရှိမရှိတို့ကို စစ်ဆေးခြင်း
-မှန်ကန်ပါက တိုင်ကြားသူ၊လိမ်လည်သည်ဟု သံသယရှိသူနှင့် ဆက်နွယ်သူတို့၏ ငွေစာရင်းများကို  ချက်ခြင်းယာယီတားဆီးခြင်း
-ယာယီတားဆီးခြင်းကို (၇၂) နာရီကြာထိန်းသိမ်းထားရှိခြင်းတို့ပါဝင်​ကြောင်းသိရသည်။

ငွေစာရင်းယာယီတားဆီးပြီးပါက အဆိုပါ ငွေစာရင်းဆိုင်ရာ အချက်အလက်များနှင့် ယင်းငွေစာရင်းများ၏ လွှဲပြောင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သံသယဖြစ်ဖွယ် လွှဲပြောင်းဆောင်ရွက်မှုအဖြစ် (၂၄) နာရီအတွင်း သတင်းပေးပို့ရမည်ဖြစ်သည်။

လိမ်လည်ခံရသူမှ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သက်ဆိုင်ရာရဲစခန်းမှအကြောင်းကြားလာခြင်းမရှိပါက ယာယီတားဆီးသည့် ငွေစာရင်းများအား ၇၂ နာရီ နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုဘဏ်သည် လိမ်လည်ထုတ်ယူခြင်းခံရသူ၏ နစ်နာဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးအတွက် မသမာသူများက ဆက်သွယ်ဆောင်ရွက်သူ(မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုကို ရယူသည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း)၏ မိုဘိုင်းငွေကြေး စာရင်းမှငွေများကို နည်းအမျိုးမျိုးအသုံးပြု၍ လိမ်လည်ရယူခြင်း ဖြစ်ပွားပေါ်ပေါက်ပါက အချိန်နှင့်တပြေးညီအရေးယူဆောင်ရွက်နိုင်ရန် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၃၂ ၊ ပုဒ်မ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤလမ်းညွှန်ချက်ကို
ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here