မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းအပါအဝင် လူပုဂ္ဂိုလ်အချို့နှင့် ကုမ္ပဏီအချို့ကို ကန့်သတ်အရေးယူကြောင်း အမေရိကန်ကြေညာ

0
383

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ကန့်သတ်အရေးယူမှုများ ပြုလုပ်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့ အောက်တိုဘာ (၃၁) ရက်နေ့စွဲဖြင့်  ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန်၏ ဘဏ္ဍာရေးလုပ်ငန်းများအနေဖြင့် လာမည့် ဒီဇင်ဘာ(၁၅) ရက်ကစတင်ပြီး မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအပေါ် ဝန်ဆောင်မှုပေးခြင်းများ မလုပ်ဆောင်ကြရန် အမေရိကန်အစိုးရ၏ ဘဏ္ဍာရေးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရခြင်းမှာ တပ်မတော်အတွက် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် အဓိက ဝင်ငွေရနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ယခုလို အရေးယူပိတ်ဆို့ရခြင်း ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရက ဆိုသည်။

ယခုအရေးယူမှုသည် အလုံးစုံဒဏ်ခတ် အရေးယူမှုမျိုးမဟုတ်ဘဲ အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းများအနေဖြင့် MOGE နှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ဝန်ဆောင်မှုမပေးကြရန် တားမြစ်ကန့်သတ်ခြင်းသည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုတွင် MOGE အပြင် တပ်မတော် ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူးအပါအဝင် လူပုဂ္ဂိုလ် (၅) ဦးကိုလည်း ထည့်သွင်းအရေးယူထားသည်ကိုတွေ့ရသည်။

အဆိုပါ လူပုဂ္ဂိုလ် (၅) ဦးမှာ မြန်မာ့တပ်မတော်၏ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ တရားရေးရာဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေအောင်နှင့် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းတို့ ပါဝင်ကြောင်းသိရသည်။

ထို့အပြင် ယခုအရေးယူမှုအတွင်း၌ Sky Royal Hero Company Limited ၊ Suntac Technologies Company Limited နှင့် Suntac International Trading Company Limited တို့ကိုလည်း ထည့်သွင်းအရေးယူထားကြောင်း သိရသည်။

ယခုကဲ့သို့ MOGE နှင့် ကုမ္ပဏီများ လူပုဂ္ဂိုလ်များကိုအရေးယူပိတ်ဆို့မှုအား ကနေဒါ ၊ ဗြိတိန်တို့နှင့် ပူးတွဲဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာလ (၃၁) ရက်တွင် ကြေညာထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here