အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များအတွက် ISO လက်မှတ်ရရှိပြီဟုဆို

0
216

မြန်မာနိုင်ငံမှ ထွက်ရှိသည့် လယ်ယာထွက်ကုန်များ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရာတွင် လိုအပ်သည့် ISO လက်မှတ်ရရှိပြီဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယင်းတို့၏ Food Safety Law အရ လယ်ယာထွက်ကုန်များတင်ပို့သည့်အခါ Food Safety ကို ပထမဆုံး‌ တောင်းဆိုသော နိုင်ငံဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် သက်ဆိုင်ရာနိုင်ငံ၏ အသိအမှတ်ပြုဓါတ်ခွဲခန်းမှ အသိအမှတ်ပြုလက်မှတ်ရရန် တောင်းဆိုထားခြင်းဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁) ရက်တွင် မြန်မာနိုင်ငံမှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များတွင် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခြင်းဆိုင်ရာ လို အပ်ချက်၊ အကြံပြုချက်များ အတွက် တွေ့ဆုံညှိနှိုင်းပွဲကို အသင်းချုပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

“အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား Sanitary and Phytosanitary မှာ ချောမွေ့တဲ့ ကူးသန်းရောင်းဝယ်မှုများဖြစ်ခဲ့သလို ခက်ခဲသောကာလများလည်း ကြုံတွေ့ခဲ့ရတာရှိပါတယ်။ နိုင်ငံတော်ကနေ ပြည်ပကို တင်ပို့မဲ့ လယ်ယာထွက်ကုန်တွေကို နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေအတွက်လည်း အဆင်ပြေသလို ပို့ကုန်လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးကျေးဇူးတွေ ခံစားနိုင်ရပါတယ်”ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က လယ်ယာထွက်ကုန်များစစ်ဆေးနိုင်ရန် ဓါတ်ခွဲခန်းတပ်ဆင်ပစ္စည်း၊ ကျွမ်းကျင် ဝန်ထမ်းများဖြင့် အဆင်သင့်မဖြစ်သေးသည့်အတွက် ပြည့်စုံစွာဆောင်ရွက်နိုင်မှုမရှိသေးခဲ့သော်လည်း ယခုအခါတွင် ဓာတ်ခွဲစစ်ဆေးမှု အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ ပိုးသတ်ဆေး၊ ဓါတ်ကြွင်းနှင့် မှိုအဆိပ်သင့်ရောဂါအန္တရာယ်ကင်းရှင်းစေရန် မြန်မာနိုင်ငံဖက်မှ အစဉ်တစိုက် ကြိုးပမ်းခဲ့ရာ ယခုအခါ ISO 17025 ထောက်ခံချက်ရရှိခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် လယ်ယာထွက်ကုန် ပို့ကုန်လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ဈေးကွက်သို့ ဂုဏ်သိက္ခာရှိစွာ တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက်တဲ့အခါ ဝယ်ယူမဲ့နိုင်ငံရဲ့ လိုအပ်ချက်၊ အကန့်အသတ်၊ စံသတ်မှတ်ချက်တွေကိုသိဖို့ လိုအပ်ပါတယ်။ လိုအပ်ချက်ကို ပြည့်မီအောင် မပို့နိုင်ရင် ကုန်ပစ္စည်းတွေကို ဆိပ်ကမ်းကနေ ပြန်ပို့ခံရမှုများ ကြုံတွေ့နိုင်ရပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ပြည်ပသို့ ပို့မည့် ပစ္စည်းအားလုံးကို နမူနာယူပြီး စစ်ဆေးနိုင်တဲ့ အခြေအနေမျိုးမရှိသေးသည့်အတွက် မိမိတို့တင်ပို့မည့် ပို့ကုန်၏ ကိုယ်စားပြု သီးနှံ Sample ပစ္စည်းကိုသာ ဓါတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေလိုကြောင်းလည်း ၎င်းကဆိုသည်။

စိုက်ပျိုးရေး ဦးစီးဌာန၏ စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေးဓါတ်ခွဲခန်း (Agricultural Products Analytical Lab – APAL)သည် ISO 17025 ကို ရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဘက်မှ အတည်ပြုလက်ခံသော ဓါတ်ခွဲခန်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here