KIA အဖွဲ့အနေဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ဆောင်နေမှုအပေါ် လိုက်ပါခြင်း မရှိသည့်အတွက် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ လုပ်ဆောင်မည်ဟု နစကထုတ်ပြန်

0
272

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် KIA အဖွဲ့မှ လိုက်ပါဆောင်ရွက်ခြင်းမရှိသည့်အတွက် တပ်မတော်မှ လိုအပ်သည့် တုန့်ပြန်မှုများ ဆောင်ရွက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် နယ်စပ်ဒေသကုန်သွယ်ရေး ပျက်စီးစေရန်နှင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရေး
စသည့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို ထိခိုက်ပျက်စီးစေလိုသော ရည်ရွယ်ချက်များဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သော လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

KIA အဖွဲ့၏ ရထားလမ်းများအား မိုင်းထောင်ဖောက်ခွဲမှုအနေဖြင့် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ မြစ်ကြီးနား-မန္တလေး သွားမီးရထားလမ်းပေါ်မှ တံတားအမှတ် (၅၅၅)၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာအုပ်စု နန်းခွင်ချောင်းသံဘေလီ ရထားလမ်းကူးတံတား၊ ဟိုပင်မြို့၊ မြို့သစ်ကလေးကျေးရွာ ရေပေါက်ကြီး ရထားလမ်းကူးတံတားနှင့် နန်းသာယာရထားလမ်းကူးတံတားတို့အား ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် မိုးညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်၊ ၃၅၆/၃၅၇ နေရာတံတားအရှည် ၅၀ ပေရှိ တဝက်ချောင်းကူး ကွန်ကရစ်တံတား(ကားလမ်း)နှင့် တံတားအရှည် ၂၀ ပေရှိ တဝက်ချောင်းကူးတံတား (ရထားလမ်း)တို့အား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၇ ရက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ရွှေကူမြို့၊ပေါင်းနက်ချောင်းကူး တံတား၊ ကသာမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်း ကျေးရွာအား ဆက်သွယ်ထားသည့် ကောက်ကွေ့ချောင်းကူးကွန်ကရစ်တံတား ၊မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပေါ် ရှိ သံဘောင်ဘေလီတံတားအမှတ်၊ (၇၂၂)အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် တို့တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည့်အပြင် လမ်း၊ တံတားများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ စစ်ရေးနှင့် မသက်ဆိုင်သော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အသုံးပြုသွားလာလျက်ရှိသော ရထားလမ်း၊ ကားလမ်းနှင့် တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တိုင်းရင်းသားပြည်သူလူထု၏ သွားလာရေးကို အခက်အခဲဖြစ်ပေါ်စေပြီး ဒေသဖွံဖြိုးတိုးတက်ရေးအပေါ် များစွာထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးညှိနှိုင်းဆဲကာလအတွင်း တပ်စခန်းများအား တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ်အသိပေးပြောကြားခဲ့သော်လည်း KIA အနေဖြင့် တပ်မတော်၏ တပ်စုအဆင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် စခန်းငယ်များကိုလည်း သာလွန်အင်အားအသုံးပြု၍ အလစ်အငိုက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါတပ်စခန်းများသို့ KIO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဂွမ်မော် ကိုယ်တိုင်သွားရောက်ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်သည်။

၎င်းအပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများတွင်လည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် အသိပေးအကြောင်းကြားခဲ့သော်လည်း KIA အဖွဲ့အနေဖြင့် တပ်မတော်၏ အသိပေးအကြောင်းကြားထားမှုအပေါ် မသိကျိုးကျွန်ပြုကာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

KIA အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီးတွင် လက်နက်၊ ခဲယမ်းစက်ရုံများအား တည်ဆောက်၍ လက်နက်၊ ခဲယမ်းများထုတ်လုပ်ကာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရာတွင် အသုံးပြုသကဲ့သို့ ပြည်တွင်းရှိ အကြမ်းဖက်အဖွဲ့များကိုလည်း အဖျက်အမှောက်နှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နောက်ကွယ်မှ လက်နက်၊ ခဲယမ်းများပံ့ပိုးခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုလုပ်ရပ်များ ထပ်မံကျူးလွန်လာခြင်းများ မရှိစေရန် ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထပ်မံ၍ ပြည်သူလူထုနှင့်ပတ်သက်၍ နှောင့်ယှက်ထိပါးစေသော အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာခြင်း၊ လုံခြုံရေးစခန်းများအား တိုက်ခိုက်ခြင်းများ လုပ်ဆောင်လာပါက လိုအပ်သော ပြန်လည်တုံ့ပြန်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here