ကန်ကြီးထောင့်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမဘေးဆီသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွား ၊အမျိုးသား (၄) ဦး ဒဏ်ရာရခဲ့ကာ (၂)ဦးမှာ စိုးရိမ်ရ

0
226

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပုသိမ်-မုံရွာကားလမ်းမဘေး ဆီသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား (၄) ဦး ဒဏ်ရာရခဲ့ကာ (၂)ဦးမှာ စိုးရိမ်ရ ဒဏ်ရာများ ရခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

နိုဝင်ဘာ (၄) ရက် ည (၇)နာရီ (၁၃)မိနစ် အချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ပုသိမ်-မုံရွာကားလမ်းမဘေး ဆီသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပုသိမ်ခရိုင်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ ဒါးကနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည(၇)နာရီ (၄၀)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား(၄)ဦးအနက် (၂)ဦးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ၊ (၂)ဦးမှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ဒဏ်ရာရရှိသူများကို ပါရမီရိပ်သာ လူမှုကူညီရေးအသင်း သူနာတင်ယာဉ်၊ မိကျောင်းတစ်ရာ လူမှုကူညီရေး အသင်း သူနာတင်ယာဉ်တို့ဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံနှင့် ကန်ကြီးထောင့်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လောင်ကျွမ်းရသည့် အကြောင်းရင်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here