မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့် ကိစ္စရပ်များ ဆွေးနွေး

0
296

မြန်မာ-ရုရှား နှစ်နိုင်ငံ ရေတပ်နှစ်ရပ်အကြား နဂိုရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ Navy To Navy Talks ဆွေးနွေးပွဲပြုလုပ်မည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်ရေတပ်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်း သိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV အား နိုဝင်ဘာ (၄) ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာရှေ့၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ဂုဏ်ပြုကြိုဆိုပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့်အတူ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားရေတပ် ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်သံမှူး Colonel Sergey KURCHENKO နှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရသည်။

ထို့ပြင် ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ပန်းခြင်းချ အလေးပြုခြင်း၊ ရတနာဆင်ဖြူတော်သို့သွားရောက် လေ့လာခြင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်သို့ သွားရောက်လေ့လာခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုရှားရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့သည် နိုဝင်ဘာ (၃)ရက် ညပိုင်းက နေပြည်တော် လေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here