ဘင်္ဂလားဒေ့ရှ်ဘက်မှ အဝယ်လိုက်ခြင်းကြောင့်ကြက်သွန်နီဈေးနှုန်း မြင့်တက်ခြင်းဖြစ်

0
285

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံထွက် ကြက်သွန်နီကို ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှ အဝယ်လိုက်ခြင်းကြောင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်မှုရှိလာကြောင်း မုံရွာမြို့၊ ရွှေ‌ပြည့်အောင်ပွဲရုံမှ သိရသည်။

” အခုကတော့ ဘင်္ဂလားဒေ့ရှ်ဘက်က အဝယ်လိုက်နေတာ။ အလုံးလှတာ သန့်တာဆိုရင် ၃၂၀၀ ကျပ် ပေးဝယ်တယ်။ အလုံးနည်းနည်းညံ့တာ၊ ပြည်တွင်းသုံးတွေက ၃၀၀၀ ကျပ်ပတ်ချာလည်မှာရှိတယ်။ အရင်လထက် စာရင်တတ်လာတယ်။ ပြီးခဲ့တဲ့လကမှ ၂၇၀၀၊ ၂၈၀၀ လောက်ပဲရှိတာ”ဟု မုံရွာမြို့၊ ရွှေ‌ပြည့် အောင်ပွဲရုံပိုင်ရှင်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

မြန်မာ့ကြက်သွန်ကို တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ အဝယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရမှ ကြက်သွန် ပြည်ပတင်ပို့မှုအပေါ် အခွန်တိုးကောက်ခံခြင်းကြောင့် မြန်မာ့ကြက်သွန်ကို ပြည်ပဝယ်လက်များ ယခင်ထက် အဝယ်လိုက်လာခြင်းဖြစ်ကြောင်းလည်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

” ဘင်္ဂလားဒေ့်ရှ်က အိန္ဒိယက ဝယ်နေကျ။ အိန္ဒိယဘက်က အခွန်တိုးကောက်တယ် ပြောတယ်။ အဲဒီတော့ မြန်မာနိုင်ငံဘက်က ပြန်ဝယ်နေတယ်။ စျေးတန်းအရတော့ အခုစျေးက မြင့်တယ် ပြောလို့ရတယ်”ဟု ကြက်သွန်ကုန်သည်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး နှစ်စဉ် တန်ချိန် တစ်သန်းကျော် ထွက်ရှိသော်လည်း ပြည်ပတင်ပို့မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် တသိန်းဝန်းကျင်သာ ရှိကြောင်း သိရသည်။

ကြက်သွန်နီ အထွက်နှုန်းနှင့် ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်၍ ကြက်သွန်စျေး အပြောင်းအလဲ ဖြစ်ပေါ်ခြင်းဖြစ်ပေါ်လေ့ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here