မူဆယ် – လားရှိုး ပြည်ထောင်စုလမ်း ပိတ်နေဆဲဖြစ်ပြီး မူဆယ် – နမ့်ခမ်း – နမ္မတူ – လားရှိုးလမ်းမှ သွားလာနေကြရ

0
480

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မူဆယ် – လားရှိုး ပြည်ထောင်စုလမ်းကို အသုံးပြု၍မရဖြစ်​နေ​သေးသည်။

ယင်းကဲ့သို့ မူဆယ် – လားရှိုးပြည်ထောင်စုလမ်းပိုင်းကို ပိတ်ထားဆဲဖြစ်သည့်အတွက် မူဆယ်မြို့မှ လားရှိုးမြို့သို့ သွားရောက်လိုသူများ အနေဖြင့် မူဆယ် – နမ့်ခမ်း – မိုင်းဝီး – နမ့်ဟိုင် – နမ္မတူ – လားရှိုး လမ်းပိုင်းကို အသုံးပြုကာ သွားလာနေရကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းမှ သွားလာ၍ ရနေသော်လည်း လမ်းကြမ်းသည့်အတွက် အချိန်ကြာမြင့်စွာ သွားလာနေရပြီး အမြင့်ကားများသာ အဆင်ပြေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

” လမ်းက ကြမ်းချက်ကတော့ ကမ်းကုန်တယ်။ ကားသေးသွားလို့မရဘူး။ 4Wheel တွေပဲ အဆင်ပြေတယ်။ ကျန်တဲ့ကားတွေကတော့ သွားရအဆင်မပြေဘူး” ဟု လားရှိုးမြို့ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ လမ်းမှာ တောလမ်းဖြစ်ပြီး လမ်းကြမ်းသည့်အတွက် အချို့ယာဉ်ငယ်များ လမ်းခရီးတွင် ပျက်စီးချို့ယွင်းမှုများရှိနေသည့်အပြင် အချိန်ကြာမြင့်စွာသွားနေရပြီး အချို့မှာ မူဆယ်မှ လားရှိုးအထိ လမ်းခရီးတွင် (၂) ညအိပ် (၃) ရက် ဝန်းကျင် မောင်းရကြောင်း အဆိုပါလမ်းကြောင်းကို အသုံးပြု သွားလာခဲ့သူများက မျှဝေထားသည်ကိုလည်း တွေ့ရသည်။

မူဆယ် – လားရှိူးပြည်ထောင်စုလမ်းပိုင်းကို ပြီးခဲ့သည့်အောက်တိုဘာ (၂၇) ရက် တိုက်ပွဲများစတင် ဖြစ်ပွားချိန်ကစတင်ကာ မြောက်ပိုင်းမဟာမိတ်အဖွဲ့များက ဖြတ်သန်းသွားလာခြင်း မပြုဘဲ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ပိတ်ထားသည့်အတွက် လားရှိုး – မူဆယ်လမ်းကို အဓိက အသုံးပြုရသည့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းလည်း ရပ်တန့်နေပြီး ကုန်ကားအများစု လမ်းတွင်ပိတ်မိနေကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ စုံစမ်းသိရသည်။

ဓာတ်ပုံ – အင်တာနက်


LEAVE A REPLY

Please enter your comment!
Please enter your name here