တရုတ်နှင့် ထိုင်းအပြင် ဥရောပနိုင်ငံနှင့် အာရှနိုင်ငံများသို့ ကော်ဖီတင်ပို့ရန် စီစဉ်နေ

0
259

ပုံမှန်တင်ပို့နေသည့် တရုတ်နှင့် ထိုင်းအပြင် ဥရောပနိုင်ငံနှင့် အာရှနိုင်ငံများသို့ပါ ကော်ဖီတင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

“အခု နိုဝင်ဘာလကနေ ဖေဖော်ဝါရီအထိက ကော်ဖီခူးတဲ့ရာသီပေါ့။ မတ်၊ ဧပြီ၊ မေလောက်မှာ ကော်ဖီထုတ်လုပ်ပြီး ပြည်တွင်းပြည်ပကိုရောင်းချသွားမယ်။ တရုတ်နဲ့ထိုင်းကိုတော့ အဓိကတင်ပို့တယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ယှဉ်ရင် ကော်ဖီထုတ်လုပ်မှုက နည်းနေပေမယ့် အရည်အသွေးကကောင်းပါတယ် “ဟုမြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် သတင်းဌာနမှတဆင့် ပြောကြားထားသည်။

လာမည့် ၂၀၂၄ ခုနှစ် ကော်ဖီရာသီတွင်အမေရိကားနိုင်ငံများ၊ ဥရောပနိုင်ငံများ အပါအဝင် ပြည်ပနိုင်ငံ (၁၁) နိုင်ငံသို့ တင်ပို့ရန်စီစဉ်ထားကြောင်းလည်း သိရသည်။

ပြည်တွင်း၌ ထွက်ရှိသည့် မြန်မာ့ကော်ဖီထွက်ကုန်များသည် နှစ်စဉ်ကော်ဖီတန်ချိန် ၈၀၀၀ ဝန်းကျင်အထိ ထွက်ရှိပြီး ပြည်ပဈေးကွက်များသို့ Commercial ကော်ဖီတစ်တန်လျှင် ပျှမ်းမျှကန်ဒေါ်လာ ၃၀၀၀ အထက် ခန့်မှ Premium ကော်ဖီတတန်လျှင် ပျှမ်းမျှကန်ဒေါ်လာ ၄၀၀၀ အထက်ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီးမန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့တွင် စိုက်ပျိုးမှုရှိကာ စုစုပေါင်း ကော်ဖီစိုက်ဧက ၃၀၀၀၀ ကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here