၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း ယနေ့ စတင်လေ့ကျင့်မည်

0
231

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်‌ရွေးစင်အသင်း နည်းပြချုပ် Michael Feichtenbeiner သည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ပွဲစဉ်များအတွက် ပြည်တွင်းပြည်ပ ကလပ်အသင်းများမှ ကစားသမား ၂၉ ဦးပါဝင်သည့် လူစာရင်းအားထုတ်ပြန်ခဲ့သည်။

အဆိုပါ စာရင်းတွင် ဒဏ်ရာကြောင့် နောက်တန်းလူ စိုးမိုးကျော် (ဖနွမ်းပင်ခရောင်း၊ ကမ္ဘောဒီးယား)နှင့် ကစားသမားအချို့ပါဝင်နိုင်ခြင်း မရှိခဲ့ပေ။

ရွေးချယ်ခံထားရသည့် ကစားသမားများ အနေဖြင့် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်း(၁)တို့တွင် ယနေ့ နိုဝင်ဘာ ၆ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လေ့ကျင့်မှုများ ပြီးဆုံးသည်နှင့် အပြီးသတ် ကစားသမားစာရင်း ဆက်လက်ရွေးချယ်ကာ နိုဝင်ဘာ ၁၃ ရက်တွင် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်များအနက် ပထမဆုံး ပွဲစဉ်ဖြစ်သည့် ဂျပန်နှင့်မြန်မာ ပွဲစဉ်အား ယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်နှင့်ပွဲစဉ်အား ယှဉ်ပြိုင်ကစားပြီးနောက် နိုဝင်ဘာ ၂၁ ရက်တွင် ဒုတိယမြောက်ပွဲစဉ်အဖြစ် မြောက်ကိုရီးယား အသင်းနှင့် ရန်ကုန်မြို့တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here