ပူတာအိုခရိုင် ရှိန်းခေါင်ကျေးရွာတွင် နေအိမ်နှင့် အဆောက်အဦ (၆၃)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ လူဦးရေ (၃၀၀) ကျော်မီးဘေးသင့်

0
244

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ဇီးထန်ကျေးရွာအုပ်စု ရှိန်းခေါင်ကျေးရွာတွင် နေအိမ်နှင့် အဆောက်အဦ (၆၃) လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူဦးရေ (၃၀၀) ကျော်မီးဘေးသင့်ခဲ့ကြောင်း ပူတာအိုခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံမှ သိရသည်။

ယနေ့ နံနက် (၁) နာရီခန့်မှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ရာ ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်နှင့် အဆောက်အဦများ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဘာသာရေး အဆောက်အဦ ဘုရားကျောင်း တစ်လုံး၊ ဓမ္မဆရာ နေအိမ်တစ်လုံး၊ ကျောင်းဆရာ/ဆရာမနေအိမ်နှစ်လုံးနှင့် အခြား လူနေအိမ်အဆောက်အဦ (၅၉)လုံး စုစုပေါင်း အဆောက်အဦ (၆၃)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အမျိုးသား (၁၄၉)ဦး၊ အမျိုးသမီး (၁၅၄)ဦး စုစုပေါင်း (၃၀၃)ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့် ပြည်သူများအား တပ်လိုင်းခန်း၊ ဆေးပေးခန်းနှင့် ဘုရားကျောင်းတို့တွင် ယာယီနေရာချထားပေးကာ စားသောက်ရေးအတွက် ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးလျက်ရှိကြောင်းနှင့် ခေါင်လန်ဖူးမြို့နယ်မှလည်းမီးဘေးသင့်ပြည်သူများအား ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ရောင်းချရန် နေအိမ်များတွင် သိုလှောင်ထားရှိသည့် ဒေသထွက် ရှာကောပါကော ပိဿာချိန်ပေါင်း (၃၅၉၀၂၆)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here