လားရှိုးမြို့သို့ လာရောက်ခိုလုံနေသည့် တိုက်ပွဲရှောင် အရေ အတွက် (၄၀၀၀) ကျော်အထိ ရောက်ရှိလာ

0
202

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ထိတွေ့တိုက်ပွဲများကြောင့် လားရှိးမြိုအနီးပတ်ဝန်းကျင်ဒေသအချို့မှ ဒေသခံများ လားရှိုးမြို့ပေါ်သို့ တိုက်ပွဲရှောင်ရန်လာရောက်လျက်ရှိရာ လက်ရှိအချိန်ထိ တိုက်ပွဲရှောင် (၄၀၀၀) ကျော်ဝန်းကျင် ရှိလာကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူများထံမှ သိရသည်။

လားရှိုးမြို့သို့ အောက်တိုဘာ (၂၇) ရက်မှ စတင်၍ တိုက်ပွဲရှောင် (၂၀၀၀) ကျော် ရောက်ရှိကာ လားရှိးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ခိုလှုံနေရာမှ လက်ရှိတွင်လားရှိုးမြို့ပေါ်ရှိ ဘာသာရေး အဆောက်အအုံများသို့ ဆက် လက် ရောက်ရှိလာနေကြောင်း သိရသည်။

တိုက်ပွဲရှောင်များမှာ လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းအပါအဝင် ခရစ်ယာန် ဘုရားကျောင်းများတွင် ခိုလှုံနေရပြီး တစ်နေရာတွင် တိုက်ပွဲရှောင် (၆၀၀) နှင့် (၁၀၀၀) ကြား ရှိနိုင်ကြောင်း ဒေသခံများ ထံမှ သိရသည်။

“တိုက်ပွဲရှောင်တွေက ပြန်တဲ့သူ မရှိဘူး ၊ တိုးဖို့ပဲရှိတယ်။ အရင် ၂၀၀၀ ကျော်ဆိုတာက ရှမ်းကျောင်းတစ်ကျောင်းတည်းပဲရှိမယ်။ အခု မရှိဘူးဆို ၄၀၀၀ ကျော်ပတ်ဝန်းကျင်လောက်မှာ ရှိမယ်။ လတ်တလော ခရစ်ယာန် ဘုရားကျောင်း တော်တော်များများမှာ တိုက်ပွဲရှောင်တွေ ရောက်နေပြီ။ အနိမ့်ဆုံး တစ်နေရာကို ၆၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်များမှာ လားရှိးမြို့အနီးပတ်ဝန်းကျင် ဒေသများဖြစ်သည့် မိုင်းယော်၊ မန်မွမ်း၊ ကုန်ဆာ၊ မက်ချီနုနှင့် အခြားကျေးရွာများမှ ဒေသခံများ သိန္နီဘက်မှ ဒေသခံများ အပါအဝင် အချို့လားဟူရွာနှင့် ကချင်ရွာများမှလည်း လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း လားရှိးမြို့ခံများထံမှ သိရသည်။

“လားရှိုးမြို့နယ် ပတ်ဝန်းကျင်က လူတွေနဲ့ သိန္နီဘက်က ဒေသခံတွေလည်း ပါတယ်။ လားဟူရွာတွေကလည်း ရောက်တယ်။ ကချင်ကျောင်းတွေကလည်းရှိတယ်။ လျော့ဖို့တော့ မရှိဘူး။ လမ်းကြောင်း ခြေနေကောင်းရင် ထပ်လာဖို့လည်း ရှိကြသေးတယ်။ ဆိုင်ကယ်နဲ့လာလို့ရတယ်ဆိုလည်း ဆိုင်ကယ်နဲ့ ထွက်လာကြတယ်ပေါ့။ လားရှိုးမှာတော့ အေးအေးဆေးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ သိန္နီ၊ ကွတ်ခိုင်၊ ချင်းရွှေဟော်အပါအဝင် နေရာအနှံအပြားတွင် အောက်တိုဘာ (၂၇)ရက် နံနက် (၄) နာရီခန့်မှ စတင်၍ ထိတွေ့မှုများ ဖြစ်ပွားနေခဲ့ရာမှ ဒေသခံများမှာ တိုက်ပွဲရှောင်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လားရှိးမြို့သို့ ခိုလှုံလာကြသော တိုက်ပွဲရှောင် ပြည်သူများကို ရပ်နီးရပ်ဝေးမှ စေတနာရှင် အပေါင်းတို့မှ နည်းများ မဆို ပါဝင်လှူဒါန်းနိုင်ကြောင်းလည်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူတို့က ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here