နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း (၃) ခုအတွက် တရုတ် – မြန်မာ သဘောတူစာချုပ် ချုပ်ဆို

0
240

POWERCHINA Resources Ltd နှင့် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့အကြား နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံစီမံကိန်းအတွက် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ယင်းစီမံကိန်းသည် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ် ချုပ်ဆိုခြင်းဖြစ်ပြီး နိုဝင်ဘာလ (၇) ရက်က နေပြည်တော်တွင် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃)ခုသည် မြန်မာနိုင်ငံ မကွေးတိုင်းနှင့် မန္တလေးတိုင်းတွင်တည်ရှိပြီး စုစုပေါင်း စက်တပ်အင်အားမှာ ၉၀ မဂ္ဂါဝပ်ဖြစ်ကာ အဆိုပါ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အာမခံချက်ပေးမည်ဖြစ်သည်။

တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အားပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေး၍ မြန်မာပြည်သူများအတွက် ပိုများသည့် အကျိုးစီးပွားများ သယ်ဆောင်လာမည့်သဘောထားကို အဆိုပါ သဘောတူလက်မှတ် ရေးထိုးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်လည်းတွေ့ဆုံ၍ တတိယအကြိမ် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ် သဘောတူညီချက်ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရေး၊ တရုတ်-မြန်မာလျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်မှုဖော်ဆောင်ရေး၊ မြန်မာနိုင်ငံ၏ “လျှပ်စစ်လိုအပ်ချက်” ကိုကူညီပေးဖြေရှင်းပေးရေး၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအတွက် အာမခံချက်ပေးရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here