လောက်ကိုင် ဒေသခံများထံသို့ တရုတ်နိုင်ငံအကူအညီဖြင့် ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ် ထပ်မံရောင်းချပေး

0
778

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ ဒေသခံများကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအသုတ် ရောင်းချပေးခဲ့ကြောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအချို့တွင် တိုက်ပွဲများ‌‌ကြောင့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပိတ်ဆို့သွားခဲ့ပြီး ဒေသအတွင်း နေ့စဉ်လိုအပ်နေသည့် စားသောက်ကုန် ပစ္စည်းများ ပြတ်လပ်သွားခဲ့ရာ တရုတ်နိုင်ငံ၏ အကူအညီဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝယ်ယူရရှိသည့် ဆန်ဒုတိယအသုတ်ကို လောက်ကိုင်မြို့တွင် ရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီစဉ်ဖြင့် ရန်ပုံငွေရှာဖွေထိန်းသိမ်းရေးအဖွဲ့မှ လောက်ကိုင်မြို့စီမံအုပ်ချုပ်ရေးရုံး၌ နိုဝင်ဘာ (၇) ရက် နေ့လယ် (၁၁) နာရီအချိန်က ပြည်သူများအား လူတစ်ဦးလျှင် ဆန်တစ်အိတ် (၅၀ ကီလိုဂရမ်) ကို ယွမ် (၂၀၀) နှုန်းဖြင့် ရောင်းချခဲ့ရာ စုစုပေါင်းဆန် (၃၃) တန် ရောင်းချပေးခဲ့ကြောင်း သိရသည်။

“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြည်သူတွေ နေ့စဉ်လိုအပ်နေတဲ့ စားသောက်ကုန်ပစ္စည်းတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ပြည်သူတွေအတွက် ဟင်းသီးဟင်းရွက်နဲ့ အခြားနေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေကို ပေါင်းစပ်ဝယ်ယူသွားမှာဖြစ်ပါတယ် ”ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လောက်ကိုင်မြို့၌ ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ပထမအကြိမ် ရောင်းချပေးခဲ့ပြီး သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူထားသည့် ဆန်များကို အကျိုးအမြတ်ယူ၍ ပြန်လည်ရောင်းချပါက ပြင်းပြင်းထန်ထန် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here