နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဆန်ဈေးနှုန်းဖြင့် ရောင်းချရန် စီးပွားကူးသန်း ဝန်ကြီးဌာနမှ ဈေးနှုန်းနှင့်တကွထုတ်ပြန်

0
435

ပြည်တွင်းရှိ စားသုံးသူ ပြည်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် ယခုနိုဝင်ဘာလအတွင်း သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရန် စီးပွား/ကူးသန်း ဝန်ကြီးဌာနက ရောင်းချရမည့် ဈေးနှုန်းများနှင့်တကွ ထုတ်ပြန်ထားသည်။

အဆိုပါ ညွှန်ကြားချက်အရ ၁၀၈ ပေါင် တစ်တင်းခွဲအိတ်ကို အခြေခံသတ်မှတ်ပေးထားပြီး ဧည့်မထအုပ်စုဆန်များအတွက် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၅၈,၀၀၀ မှ ကျပ် ၆၀,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၆၀,၀၀၀ မှ ကျပ် ၆၂,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ မှ ကျပ် ၆၄,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ဧရာမင်း၊ ဧရာပဒေသာ၊ အထူးဧည့်မထ အုပ်စုများအတွက် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ မှ ကျပ် ၇၀,၀၀၀၊ ၁၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၇၀,၀၀၀ မှ ကျပ် ၇၅,၀၀၀ နှင့် ၁၀-၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၈၀,၀၀၀ သတ်မှတ်ထားပြီး ဧရာဝတီပေါ်ဆန်းအတွက် ၁၀-၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၇၅,၀၀၀ မှ ကျပ် ၈၀,၀၀၀ သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့အပြင် ရွှေဘိုပေါ်ဆန်း ၁၀-၅ မှတ် ဆန်များကို စပါးစတင်ပေါ်သည့် လာမည့် ဒီဇင်ဘာလတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဆန်ဈေးနှုန်းများ သတ်မှတ်ရန် တွက်ချက်ရာတွင် စိုက်ပျိုးသူ ‌တောင်သူများအတွက် သင့်တင့်မျှတသော အကျိုးအမြတ် ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင် ထည့်သွင်းစဉ်းစားပြီး ကြိတ်ခွဲထုတ်လုပ်သူ ဆန်စက်လုပ်ငန်းများအတွက် သင့်တင့်မျှတသော အကျိုးအမြတ် ၄ ရာခိုင်နှုန်း၊ ဆန်စက်ရင်းနှီးမြှုပ်နှံမှုအပေါ် ၂ ရာခိုင်နှုန်းနှင့် ပြုပြင်ထိန်းသိမ်းမှု ရန်ပုံငွေ ၂ ရာခိုင်နှုန်း၊ သိုလှောင်ရုံ ဖြန့်ဖြူး ရောင်းချသူများအတွက် တစ်လအကျိုးအမြတ် ၂ ရာခိုင်နှုန်း ထည့်သွင်းစဉ်းစားကာ တွက်ချက်ထားခြင်း ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ညွှန်ကြားချက်က ဆိုသည်။

ထို့အပြင် ယခင်နှစ်ဈေးနှုန်းများ၊ နိုင်ငံတကာပေါက်ဈေးနှုန်းများ၊ ပြည်တွင်းဈေးကွက်ရှိ အခြားကုန်စည်ဈေးနှုန်းများနှင့် ချင့်ချိန်ဆက်စပ်ကာ တွက်ချက်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သတ်မှတ်ဈေးနှုန်းများသည် လက်လီ/လက်ကားဈေးကွက်အတွင်း၌ ရောင်းချမှုများနှင့် ၅ ရာခိုင်နှုန်းခန့် ကွာဟနိုင်ပြီး Super Market များ၊ Mini Market များတွင် Consumer Packaging ဖြင့် Modern Trade ရောင်းချမှုများအတွက် ဈေးနှုန်း ၁၂ ရာခိုင်နှုန်းအထိ ကွာဟနိုင်‌ကြောင်းလည်း ပြည်သူလူထုကို အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here